A d v e r t i s e m e n t With Us

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးအတွက် အမေရိကန်စစ်တပ် ဓာတ်ခွဲခန်းများ ကြိုးပမ်းနေ

Reuters
ကမ္ဘာ့နိုင်ငံပေါင်း ၇၆ နိုင်ငံက လူ ၁ သိန်းနီးပါးထိ ကူးစက်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်အတွက် ကာကွယ်ဆေးကို ဖော်စပ်ဖို့ အမေရိကန်စစ်တပ် ဓာတ်ခွဲခန်းတွေက အလုပ်လုပ်နေတယ်လို့  မတ် ၂ ရက် ပင်တဂွန်စစ်ဌာနချုပ် သတင်းစာရှင်းလင်းပွဲမှာ အမေရိကန် ပူးတွဲစစ်ဦးစီးချုပ် မာ့ခ်မီလေက ပြောပါတယ်။ “စစ်တပ် ဓာတ်ခွဲခန်းတွေဟာ အင်မတန် တရစပ် အလုပ်လုပ်နေတယ်။ ကာကွယ်ဆေးအတွက်တင်မကဘဲ အလားတူကိစ္စ အားလုံးအတွက်ပါ လုပ်နေတယ်။” လာမယ့်နှစ်လအတွင်း ဘယ်လို တိုးတက်လာမလဲဆိုတာ ကြည့်မယ်လို့လည်း သူက ဆက်ပြောပါတယ်။ ဘယ်လို ကာကွယ်ဆေးမဆို ၁၈ လ ကြာနိုင်ပြီး အသက်ရှူလမ်းကြောင်းရောဂါအတွက် ကုသဆေးမရှိဘဲ လူနာတွေဟာ ပြုစုစောင့်ရှောက်မှုကိုသာ ရနိုင်တယ်လို့ ထိပ်တန်းအမေရိကန် ကျန်းမာရေးအရာရှိတွေက ပြောထားပါတယ်။ မတ် ၃ ရက် မွန်းလွဲ ၁ နာရီအထိ ရထားတဲ့ အတည်ပြုချက်တွေအရ ကမ္ဘာတဝန်း လူ ၉၀၉၃၃ ယောက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရပြီး ၃၁၁၉ ယောက် သေဆုံးကာ ကူးစက်ခံလူ ၄၈၀၀၀ ကျော်က နေပြန်ကောင်းလာပါတယ်။ တောင်ကိုရီးယား၊ အီတလီ၊ အီရန်နဲ့ ဂျပန်နိုင်ငံတွေထဲမှာ ကူးစက်မှုတွေက အကြီးဆုံး စိုးရိမ်စရာကိစ္စပဲလို့  ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO ရဲ့ အကြီးအကဲက မတ် ၂ ရက်မှာ ပြောပါတယ်။ တရုတ်နိုင်ငံအတွင်းမှာထက်စာရင် အပြင်ဘက်မှာ ကူးစက်နှုန်းက ၂၄ နာရီအတွင်း ၉ ဆ တက်လာခဲ့တာပါ။ ဒါပေမဲ့ ကူးစက်ရောဂါကို မှန်ကန်တဲ့ လုပ်ဆောင်ချက်တွေနဲ့ ထိန်းသိမ်းထားနိုင်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။ ဗိုင်းရပ်စ်တိုက်ဖျက်ရေး အီရန်နဲ့ သွေးစည်းကြောင်းပြတဲ့ အမေရိကန်ရဲ့ ကြေညာချက်နဲ့ ကူးစက်မှုစောင့်ကြည့်ရေးတိုးမြှင့်လိုက်တဲ့ အီတလီရဲ့ နိုင်ငံရေး ကတိကဝတ်တို့ကိုလည်း WHO ရဲ့ အကြီးအကဲက  ချီးကျူးပါတယ်။ “ရောဂါကူးစက်မှုကြောင့် ခွဲခြားဖိနှိပ် ဆက်ဆံတာကိုလည်း ဆန့်ကျင်ပြီး အသရေဖျက်မှုကသာ အန္တရာယ်အရှိဆုံး ရန်သူ ဖြစ်တယ်။ ဒါဟာ ဗိုင်းရပ်စ်ထက် ပိုဆိုးတယ်” လို့ WHO ရဲ့ အကြီးအကဲက ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up