Live
Home
မြန်မာသတင်း
ရမ်းဗြဲတွင်  မိုင်းပေါက်ကွဲမှုဖြစ်၊ ဒေသခံအမျိုးသမီး ၂ ဦး ဖမ်းဆီးခေါ်ဆောင်ခံရ
DVB
·
March 2, 2020
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့ စစ်ပြားကျေးရွာနဲ့ ရမ်းသစ်ချေကျေးရွာကြားမှာ မတ် ၂ ရက်နေ့က တပ်မတော် စစ်ကြောင်းဖြတ်သွားပြီးနောက် ခဏအကြာ ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ပြီး ရမ်းသစ်ချေကျေးရွာက အမျိုးသမီး ၂ ဦးကို တပ်မတော်က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ကျေးရွာ ဒေသခံတွေက ပြောပါတယ်။ စစ်ပြားကျေးရွာနေဒေသခံတဦးက “စစ်တပ်ကရွာ ၂ ရွာမှာ အဖွဲ့ခွဲပြီး အိပ်ခဲ့ကြတယ်၊ တဖွဲ့ကတော့ မနက် ၇ နာရီလောက်မှာ ထွက်သွားကြတယ်၊ နောက်တဖွဲ့ကတော့ ၈ နာရီခွဲလောက်မှာ ထွက်သွားတယ်ပေါ့။ သူတို့ ရွာထဲဝင်ပြီး သွားကြတာပေါ့၊ သူတို့သွားပြီး သိပ်မကြာဘူး စစ်ပြားရွာနဲ့ ရမ်းသစ်ချေရွာကြားမှာ ပေါက်ကွဲမှုဖြစ်တယ်။ ဘာတိုက်ပွဲမှ မဖြစ်ဘူးပေါ့။ အဲဒီပေါက်ကွဲမှုဖြစ်ပြီးတော့ သိပ်မကြာဘူး၊ အဲဒီအနားမှာ ထင်းခွေနေတဲ့ အမျိုးသမီး ၂ ယောက်ကို ခေါ်သွားတယ်” လို့ ပြောပါတယ်။   အဲဒီလို ဖမ်းဆီးသွားတဲ့အတွက် ကျေးရွာတာဝန်ရှိသူတွေက ထောက်ခံစာနဲ့ သွားရောက်ဖြေရှင်းခဲ့ပေမယ့် မရဘဲ စစ်ဆေးဖို့အတွက် ခေါ်ဆောင်သွားတယ်လို့ ရမ်းသစ်ချေကျေးရွာနေ အမည်မဖော်လိုသူတဦးက ပြောပါတယ်။ “ရမ်းသစ်ချေကျေးရွာနဲ့ စစ်ပြားကျေးရွာကြားမှာ လက်နက်ကြီးပစ်သံလည်း တခေါက် နှစ်ခေါက်လောက် ကြားလိုက်ရတယ်၊ သေနတ်ပစ်သံတွေလည်း ကြားရတယ်၊ တိုက်ပွဲဖြစ်တာတော့ မဟုတ်လောက်ဘူး။ အဲဒီနားမှာ ထင်းခွဲနေတဲ့ အမျိုးသမီး ၂  ဦးပေါ့၊ သူတို့နယ်မြေရှင်းလင်းရေးလုပ်နေတဲ့အချိန် ဖြစ်လို့လားတော့မသိဘူး၊ ထိန်းသိမ်းထားတယ်လို့တော့ သိရတယ်။ ရွာလူကြီးနဲ့ ဒီကလူတွေ ထောက်ခံစာယူပြီးသွားတာတောင်မရဘူး၊ မြို့ကို စစ်ဆေးဖို့ ခေါ်သွားမယ်လို့တော့ သိရတယ်။” အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး ရမ်းဗြဲမြို့နယ် အုပ်ချုပ်ရေးမှူးကို ဆက်သွယ်မေးမြန်းရာမှာ ခရီးသွားနေတဲ့အတွက် ဖြစ်စဉ်အသေးစိတ်ကို မသိရှိဘဲ မိုင်းပေါက်ကွဲမှုလို့တော့ ကြားသိကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။  အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဗိုလ်မှူးကြီး ဝင်းဇော်ဦးနဲ့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းတို့ကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024