တာလီဘန်အကျဉ်းသား ၅၀၀၀ ပြန်လွှတ်ပေးရေး အာဖဂန်သမ္မတ ပယ်ချ

Reuters
အမေရိကန်နဲ့ အစ္စလာမ်မစ် စစ်သွေးကြွတွေကြားက သဘောတူညီချက်မှာပါဝင်နေတဲ့ တာလီဘန်အကျဉ်းသား ၅၀၀၀ ကို ပြန်လွှတ်ပေးဖို့ဆိုတဲ့ စာသားကို အာဖဂန်နစ္စတန် သမ္မတ အာ့ရှ်ရက်ဖှ်ဂါနီက ပယ်ချလိုက်ပါတယ်။  “ဒီလို လွှတ်ပေးရမယ်ဆိုတဲ့ ကတိကဝတ်လည်း မရှိဘူး၊ ဒါဟာ အာဖဂန်အစိုးရနဲ့ အရပ်သား ပြည်သူတွေကသာလျှင် တရားဝင် အကြွင်းမဲ့ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ကိစ္စ ဖြစ်တယ်လို့  အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာအမေရိကန် အထူးသံတမန် မစ္စတာ ဇာလ်မေးခါလီဇဒ်ကိုလည်း အကြိမ်ကြိမ်အခါခါ ပွင့်ပွင့်လင်းလင်း ပြောထားပြီးသား” လို့ သမ္မတ ဂါနီက မတ် ၁ ရက် တနင်္ဂနွေနေ့မှာပဲ ကဘူးလ်မြို့တော်မှာ သတင်းထောက်တွေကို ပြောပါတယ်။   အမေရိကန်ပြည်ထောင်စုရဲ့အရှည်ကြာဆုံး စစ်ပွဲကို အဆုံးသတ်ဖို့ ရည်ရွယ်ပြီး နိုင်ငံရေး ဆွေးနွေးမှုတွေကို စတင်ဖို့ ကာတာနိုင်ငံမှာ သဘောတူလက်မှတ်ရေးထိုးပြီး နောက်တနေ့မှာပဲ ခုလို ပြောတာပါ။  ဒီသဘောတူညီချက်ကို အမေရိကန်အထူးသံတမန် ဇာလ်မေ ခါလီဇဒ်နဲ့ တာလီဘန် နိုင်ငံရေး အကြီးအကဲ မူလာအဗ္ဗဒလ်ဂါနီဘာရဒါတို့က ဖေဖော်ဝါရီ ၂၉ စနေနေ့မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပေအိုရဲ့ရှေ့မှောက်မှာ လက်မှတ်ရေးထိုးခဲ့ကြတာပါ။  သဘောတူစာချုပ်ထဲမှာတော့ အမေရိကန်ပြည်ထောင်စုနဲ့ တာလီဘန်တွေဟာ  နှစ်ဦး နှစ်ဖက်ပူးပေါင်းဆောင်ရွက်ရေးနဲ့ အတည်ပြုထောက်ခံမှုတွေနဲ့ ယုံကြည်မှုတည်ဆောက်ရေး ဆောင်ရွက်ချက်အဖြစ် သုံ့ပန်းတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ကို အမြန်လုပ်ဆောင်ကြဖို့ ကတိရှိထားကြတာပါ။   အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကတော့ ဒီသဘောတူညီချက်အပေါ် ဝေဖန်မှုတွေကို ပယ်ချခဲ့ပြီး သိပ်မကြာခင်မှာ တာလီဘန်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမယ်လို့ ပြောပါတယ်။  ဂါနီဘက်က လူတွေကတော့ တာလီဘန်တွေနဲ့ တွေ့ဆုံမယ့် ထရမ့်ရဲ့ ဆုံးဖြတ်ချက်ဟာ နိုင်ငံထဲကနေ အမေရိကန်တပ်ဖွဲ့တွေကို ပြန်ရုပ်သိမ်းခါနီးချိန်မှာမှ အာဖဂန်အစိုးရအတွက် စိန်ခေါ်မှုတရပ် ဖြစ်နိုင်တယ်လို့ ပြောကြားလိုက်ပါတယ်။  သဘောတူညီချက်အရ လက်မှတ်ရေးထိုးပြီး ၁၃၅ ရက်အတွင်း အမေရိကန်စစ်သည် အင်အား တသောင်းသုံးထောင်ကနေ ရှစ်ထောင့်ခြောက်ရာထိ လျှော့ချလိုက်ဖို့ ဝါရှင်တန်အစိုးရက ကတိပြုထားပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up