Home
မြန်မာသတင်း
ပြည်သူ့ရှေ့ဆောင်ပါတီရုံး ဘားအံမြို့တွင် ဖွင့်လှစ်
DVB
·
March 1, 2020
ပြည်သူ့ရှေ့ဆောင်ပါတီ မြို့နယ်ရုံးဖွင့်ပွဲနဲ့ ဆိုင်းဘုတ်တင်အခမ်းအနားကို ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ် ၄ ရပ်ကွက်၊ ဖားမဲတောင်ဥယျာဥ်လမ်းမှာ မတ်လ ၁ ရက် မနက်ပိုင်းက ဖွင့်လှစ်ခဲ့ပါတယ်။ အစိုးရ​ခေတ်ကာလအသီးသီးမှာ အထိုက်အလျောက် အောင်မြင်ခဲ့ပေမယ့် မျှော်မှန်းတဲ့ ဖွံဖြိုးတိုးတက်ရေးတွေ မရှိခဲ့သလို့ မြန်မာနိုင်ငံဟာ ဖွံဖြိုးမှုအနည်းဆုံးနဲ့ရပ်တည် နေရတာတွေကြောင့် နိုင်ငံဖွံဖြိုးတိုးတက်ရေးအတွက် အရွေ့တခုကို စိတ်တူကိုယ်တူဆောင်ရွက်လိုတဲ့ ရည်ရွယ်ချက်နဲ့ ပါတီကို တည်ထောင်ထားတာပါ။ ၂၀၀၈ အခြေခံဥပဒေကိုပြင်ဆင်ဖို့က ဘုံသဘောတူညီချက်ရှာပြီးမှသာ အခြေခံဥပဒေ ပြင်ဆင်နိုင်မယ်လို့ ပြည်သူရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်က ပြောပါတယ်။ "၂၀၀၈ အခြေခံဥပဒေကိုပြင်ဆင်ဖို့က အကုန်လုံးသဘောတူနိုင်တဲ့ ဘုံသဘောတူညီချက်က ဘာလဲဆိုတာ ကျမတို့ရှာဖို့ဖြစ်တယ်။ အဲလိုရှာမှသာ ၇၅ ရာခိုင်နှုန်းရဲ့ ပလပ်စ်ဝမ်း ၁ မဲပိုတဲ့အခါကျမှ အခြေခံဥပဒေ ပြင်ဆင်နိုင်မှာဖြစ်တယ်"လို့ ပြောပါတယ်။ ပါတီကို တတ်သိပညာရှင်တွေ၊ အတွေ့အကြုံရှိတဲ့ နိုင်ငံဝန်ထမ်းဟောင်းတွေ၊ နိုင်ငံအသီးသီးမှာ ပညာသင်ယူနေတဲ့ လူငယ်ပညာတတ်တွေ၊ တိုးတက်​ရေးအမြင်ရှိတဲ့ အမျိုးသမီးတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ပါတီကို တည်ထောင်ဖွဲ့စည်းထားတာပါ။ ပြည်သူရှေ့ဆောင်ပါတီ၊ ဒုတိယဥက္ကဋ္ဌ ဦးကျော်ဇေယျ က "ကရင်လူမျိုးတွေအကြောင်း ကရင်ပြည်နယ်အကြောင်း အပေါ်ယံလောက်ပဲသိတဲ့လူတွေက နိုင်ငံရေးလုပ်ပြီးတော့ ကရင်ပြည်နယ်အကြောင်း ဂဃနဏသိတဲ့ ဇာတိချက်မြုပ် ကရင်လူမျိုးတွေက နိုင်ငံရေးကို စိတ်မဝင်စားဘူးဆိုရင် အပေါ်ယံလောက်သိတဲ့သူတွေက အုပ်ချုပ်သွားပါလိမ့်မယ်"လို့ ပြောပါတယ်။ ပါတီရုံးတွေကို ၄ လကျော်အတွင်း ဘားအံ၊ သထုံနဲ့ ဘီလင်းမြို့အပါအဝင် ရုံးပေါင်း ၂၄ ရုံး ဖွင့်လှစ်ခဲ့ပြီး​ဖြစ်ကာ ဆက်လက်ဖွင့်လှစ်သွားဖို့ရှိသလို လာမယ်ရွေးကောက်ပွဲအမီ ပါတီရုံးပေါင်း ၅၀ ကနေ ၇၀ ကြားအထိဖွင့်လှစ်နိုင်အောင် ကြိုးစားသွားမယ်လို့ တာဝန်ရှိသူက ပြော​ပါတယ်။ လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ကရင်ပြည်နယ်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ကရင်အမျိုးသားဒီမိုကရေစီပါတီ၊ ဖလုံစဝေါ် ဒီမိုကရက်တစ်ပါတီ၊ ပြည်သူ့ကောင်းကျိုးဆောင်ပါတီ၊ ပြည်သူ့ပါတီတွေနဲ့အတူ ဝင်ရောက်ယှဥ်ပြိုင်သွားမှာ ဖြစ်ပါတယ်။   ရဲမင်းခေါင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024