ထိုင်းတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူနာ ၁ ဦး ပထမဆုံး သေဆုံး 

thaipbs.or
ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ပြင်းထန်အဆုတ်ယောင်ရောဂါပိုး ကူးစက်သူ ၄၁ ဦး ရှိတဲ့အနက် ၁ ဦး မနေ့ညက သေဆုံးသွားခဲ့တယ်လို့  bangkokbiznews ထိုင်းသတင်းမှာ ဖော်ပြပါတယ် ။  ဒါဟာ ထိုင်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ သေဆုံးမှု ပထမဆုံးအကြိမ်ဖြစ်ပါတယ်။  သေဆုံးသူမှာ အသက် ၃၅ နှစ်ရွယ် ထိုင်းလူရွယ် အရောင်းဝန်ထမ်း ၁ ဦးဖြစ်ပြီး ဈေးရောင်းရာက ရောဂါပိုးကူးစက်ခံရကာ ဘန်ရတ်စနာဒွန်ဆေးရုံကြီးမှာ တက်ရောက်ကုသစဉ် မနေ့ည ၆ နာရီ ၂၅ မိနစ်မှာ သေဆုံးသွားတာလို့  ကျူလာ လောင်ကွန်ဆေးရုံဆရာဝန်များအသင်း ကူးစက်ရောဂါဆန်းဆိုင်ရာ ကျန်းမာ ရေးဆေးသိပ္ပံ ဗဟိုဌာန အကြီးအကဲ ဒေါက်တာ ထီရဝပ် မော်ကျူထားက ထုတ်ပြန်ပြောဆိုပါတယ်။  သေဆုံးသူမှာ  နဂိုကဘာရောဂါမှ အခံမရှိဘဲ ဘန်ရတ်စနာဒွန်ဆေးရုံကြီးမှာ ကျွမ်းကျင် ဆရာဝန်တွေရဲ့ အနီးကပ်ကုသစောင့်ရှောက်မှုကို ခံယူနေပြီး ECMO နဲ့ အောက်စီ ဂျင်ပေးနေကြောင်း၊ ဒါပေမယ့်  favipiravir ဆေးကို နောက်မှရတဲ့အတွက် ကိုရိုနာ ဗိုင်းရပ်စ်ပိုးတွေ သေသွားပေမဲ့ သူဝေဒနာက ရုတ်တရက်ပြင်းထန်ပြီး သေဆုံးသွာ‌ေတာလို့ ဒေါက်တာ ထီရဝပ်က သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာမှာ ရေးထားပါတယ်။  ဒါဟာ အရေးကြီးတဲ့ သာဓကတခုဖြစ်ကြောင်း၊ လူတွေဟာ မိမိမှာ ဘာရောဂါအခံမှ မရှိပေမဲ့ အခြားဝေဒနာအနည်းငယ်ရှိပါက ကိုရိုနာဗိုင်း ရပ်စ်ပိုး  ကူးစက်ခံရမဲ့ အခြေအနေရှိနိုင်တယ်လို့ဆို ပါတယ်။  လူနာမှာ ပထမဓာတ်ခွဲခန်းရဲ့အဖြေအရ သွေးလွန်တုပ်ကွေးရှိပြီး သူနာပြု ၂ ဦးကိုပါ ကူးစက်ခဲ့ကြောင်း၊ သူနာပြု ၂ ဦးရဲ့ အဆုတ်တွေဟာ ရောင်ယမ်းနေပေမယ့် အချိန်မီ ကုသနိုင်ခဲ့လို့ ဆေးရုံက ဆင်းသွားပြီဖြစ်ကြောင်း၊ ဒါပေမယ့် အဆုတ်မှာတော့ အနာရွတ်ကျန်ခဲ့တယ်လို့ ဒေါက်တာထီရဝပ်က ပြောသွားပါတယ်။  ထိုင်းကျန်းမာရေးဝန်ကြီးဌာနကလည်း ထိုင်းမှာ ပထမဆုံးအကြိမ် ကိုရိုနာဗိုင်းရပ်စ် အကူးခံရတဲ့ လူနာသေဆုံးခဲ့တယ်လို့  မတ်လ ၁ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်ကြေငြာလိုက်ပါတယ် ။  သေဆုံးသူ အသက် ၃၅ နှစ်ရွယ်လူနာမှာ ပထမက သွေးလွန်တုပ်ကွေးသာဖြစ်ပွါးကြောင်ေ၊ ဖေဖော်ဝါရီ ၁၆ ရက်နေ့ထိ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးချက်မပေါ်ဘဲ အဲဒီနောက်မှသာ တွေ့ရှိတယ်လို့ ထိုင်း ကျန်းမာရေးဦးစီးဌာန ညွှန်မှူး ဒေါက်တာဆုဝမ်ချိုင်း ဝပ်ထနာယင့်ကျရွန်းချိုင်းက ပြောပါတယ်။  ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်မှုကို အန္တရာယ်ရှိသောကူးစက်မှုအဖြစ် ကြေညာထားပြီး မည်သူမဆို ကူးစက်ခံရပါက၊ ကူးစက်ခံရတယ်လို့ သံသယရှိပါက ၃ နာရီအတွင်း ဆေးရုံကို လာရောက်အကြောင်းကြား စစ်ဆေးခံရမှာဖြစ်ကြောင်း၊ လိုက်နာရန်ပျက်ကွက်ပါက ဒဏ်ငွေ ဘတ် ၂ သောင်းထိ ကျခံရမယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။  ထိုင်းအစိုးရပြန်တမ်း (ဂေဇက်) ကလည်း ထိုင်းအစိုးရ နဲ့ ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေကို တာဝန်ဝတ္တရားအရ  နိုင်ငံခြားသို့ စေလွှတ်နေရာမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားနေတဲ့ ကာလအတွင်း နိုင်ငံပေါင်း ၁၁ နိုင်ငံကို စေလွှတ်မှု ဆိုင်းငံ့ထားမယ့်အကြောင်း ဖေဖော်ဝါရီလ ၂၉ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်ကြေငြာထားပါတယ်။  အဆိုပါ ဆိုင်းငံ့နိုင်ငံပေါင်း ၁၁ နိုင်ငံမှာ တောင်ကိုးရီးယား၊ ထိုင်ဝမ်၊ တရုတ်၊  မကာအို၊ ဟောင်ကောင်၊ ဂျပန်၊ မလေးရှား၊ ဗီယက်နမ်၊ စင်ကာပူ၊ အီတလီ၊ အီရန် နဲ့ အထက်ပါနိုင်ငံများ လက်အောက်ခံ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေပါ ပါဝင်ပါတယ်။  ကိုးကား -  သနေရှင်း / ထိုင်းပီဘီအက်စ် / ဘန်ကောက်ဘစ်စနစ်စ်နယူးစ် 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up