Homeမြန်မာသတင်း
နန်းတော်ကုန်းရွာက လူ ၄ ဦး ရုတ်တရက်လဲကျမှု ပိုတက်စီယမ်ဓာတ်နည်းခြင်းကြောင့်ဟု သာစည်ဆေးရုံအုပ်ပြော
နန်းတော်ကုန်းရွာက လူ ၄ ဦး ရုတ်တရက်လဲကျမှု ပိုတက်စီယမ်ဓာတ်နည်းခြင်းကြောင့်ဟု သာစည်ဆေးရုံအုပ်ပြော
DVB
·
February 29, 2020
မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ် နန်းတော်ကုန်းကျေးရွာမှာ ဖေဖော်ဝါရီ ၂၈ ရက်က လူ ၄ ဦး ရုတ်တရက် လဲကျမှုဖြစ်တာဟာ ပိုတက်ဆီယမ်ဓာတ်နည်းလို့ ဖြစ်ပြီး စိုးရိမ်စရာမရှိကြောင်း သာစည်မြို့နယ်ဆေးအုပ်ကြီး ဒေါက်တာလင်းထင်ကျော်က ပြောပါတယ်။
“အဲရွာမှာ ပုံပုံလဲကျသွားတယ်၊ ကျန်းမာရေးအရ ထူခြားမှုတွေ ဖြစ်နေတယ်လို့ လူမှူကွန်ရက်မှာတင်လိုက်ပြီး ၁ နာရီအတွင်း အဲရွာကို ရောက်သွားတယ်။ ပိုတက်ဆီယမ်ဓာတ်နည်းလို့ ဖြစ်တာပါ။ ကျနော်တို့ဆေးရုံကို တလ တလ လာတက်တဲ့ အတွင်းလူနာ ၅၀၀ ရှိရင် အဲဓာတ်နည်းလို့ လာတက်တဲ့လူနာ ၃၀ လောက်ရှိပါတယ်။ ပိုတပ်ဆီယမ်ဓာတ်နည်းရင် လေဖြတ်သလိုဖြစ်မယ်၊ အရုပ်ကြိုးပြတ် ပုံပုံလဲကျသွားတတ်ပါတယ်။ စိုးရိမ်စရာမရှိပါဘူး၊ အဲရွာမှာဖြစ်တာ အခုကာလ ပြောနေတဲ့ ဝူဟန်ရောဂါလည်း မဟုတ်ပါဘူး" လို့ ဆေးရုံအုပ်ကြီးက ဒီဗွီဘီကို ပြောပါတယ်။
မိတ္ထီလာခရိုင်ထဲမှာ အဲဒီပိုတက်ဆီယမ်ဓာတ် ချို့တဲ့လူနာတွေ အများကြီးရှိပြီး မကုသဘဲ လုံးဝပစ်ထားပါက အခြားရောဂါနဲ့ ပေါင်းစပ်ပြီး အသက်ဆုံးရှုံးနိုင်ကြောင်း၊ ပိုတက်ဆီယမ်ဓာတ်နည်းတာကြောင့် အကြောတွေ၊ ကြွက်သားတွေ ပျော့ခွေသွားတာဖြစ်ပြီး အသားဓာတ်လိုအပ်သလို၊ အသီးအရွက်များများစားပေးဖို့ လိုတယ်လို့ ဆိုပါတယ်။
ပိုတက်ဆီဓာတ်နည်းလို့ ရုတ်တရက်လဲကျမှုဖြစ်ခဲ့တဲ့ ၄ ဦးကိုလည်း ဆေးကုသပေးကာ သွေးနမူနာယူခဲ့တယ်လို့ သိရပါတယ်။
အဆိုပါကျေးရွာကို မြို့နယ်ဆေးရုံအုပ်ကြီးအပါအဝင် ကျန်းမာရေးဝန်ထမ်းတွေ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ စီခန့်အဖွဲ့ဝင်တွေ၊ အန်အယ်လ်ဒီပါတီဝင်တွေက သွားရောက် ဆေးကုသပေးခဲ့ပြီး သေသေချာချာ ရှင်းပြခဲ့ကြတယ်လို့ သိရပါတယ်။
နန်းတော်ကုန်းကျေးရွာမှာ အိမ်ခြေ ၂၅၀ ကျော်ရှိပြီး လူဦးရေ ၁၈၀၀ ကျော် နေထိုင်တယ်လို့ သိရပါတယ်။
မောင်မောင်လင်း