မိုင်းဆတ်တွင် စိတ်ကြွဆေးထုတ် စက်အစိတ်အပိုင်းများ သိမ်းဆည်းရမိ
DVB
·
February 28, 2020
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ် မိုင်းတွမ်းတောင်ပေါ်ကျေးရွာအုပ်စု ဟွေမော်ရွာအနီးမှာ တပ်မတော်စစ်ကြောင်းတခုက စိတ်ကြွဆေးပြားထုတ်လုပ်တဲ့ စက်အစိတ်အပိုင်းတွေ သိမ်းဆည်းရမိပါတယ်။
ဟေ်မော်ကျေးရွာအနီး မုန်ညင်းစိုက်ခင်းတခုအတွင်း မြေကျင်းတူးကာ မြှုပ်နှံထားတဲ့ စိတ်ကြွဆေးပြားထုတ်လုပ်ရာမှာ အသုံးပြုတဲ့ စက်အစိတ်အပိုင်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ မူးယစ်အထူးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
"မိုင်းဆတ်မြို့ ခမရ (၂၇၈) စစ်ကြောင်းက နယ်မြေရှင်းလင်းရင်း ဖော်ထုတ်သိမ်းဆည်းပြီး ကျနော်တို့ မူးယစ်တပ်ဖွဲ့ကို လွှဲပြောင်းအပ်နှံပေးခဲ့တာပါ။ ရိုက်စက်နှစ်လုံးရဲ့ စက်အစိတ်အပိုင်းတွေဖြစ်ပါတယ်။”
တပ်မတော်စစ်ကြောင်းက သိမ်းဆည်းရမိတဲ့ စက်ကိုယ်ထည်နှစ်ခု၊ စက်အထိုင် အခု ၂၀၊ ပင်နီယံ သံပြားဝိုင်းနဲ့ သံကာဘာ ၈ ခု၊ အပေါက်များပါ သံပြားဖုံး ၂ ခု၊ မော်တာပါမွှေစက် ၁ လုံး၊ Wy စာတမ်းပါ သံမှို ၁၅၀ ချောင်းနဲ့ ဂက်စ်အိုးတစ်လုံးတို့ကို မူးယစ်တပ်ဖွဲ့စု ၂၉ မိုင်းဆတ်ထံ အပ်နှံပေးခဲ့တာလို့ ဆိုပါတယ်။
စိတ်ကြွဆေးပြားထုတ်လုပ်တဲ့စက်တွေ ဖမ်းဆီးရမိမှုနဲ့ပတ်သက်ပြီး မိုင်းတွမ်းနယ်မြေရဲစခန်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဥပဒေပုဒ်မ ၁၆(ခ)၊ ၂၀ (က) အရ အမှုဖွင့်ထားပါတယ်။