Home
မြန်မာသတင်း
ဥက္ကံတွင် တောဆင်ရိုင်းလိုက်၍ ထွက်ပြေးရာမှ ၆၈ နှစ်အရွယ်အဘွားအို အမောဆို့သေဆုံး
DVB
·
February 28, 2020
ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ် ဥက္ကံမြို့ ကျွဲဘုတ်ကျေးရွာအုပ်စု လဟာမငယ်ကျေးရွာမှာ  ဖေဖော်ဝါရီ ၂၈ ရက်နေ့မနက် ၇ နာရီကျော်လောက်က တောဆင်ရိုင်းလိုက်လို့ ထွက်ပြေးရာမှ အဘွားအိုတဦး အမောဆို့ သေဆုံးသွားပါတယ်။ တောထဲ သက်ကယ်ထိုးရာကနေ တောဆင်ရိုင်းနဲ့ မျက်နှာချင်းဆိုင်တိုးတဲ့အတွက် ထွက်ပြေးရာမှ အသက် ၆၈  နှစ်အရွယ် အဘွားအို အမောဆို့သေဆုံးသွားတာလို့ တောဆင်ရိုင်းအလိုက်ခံရတဲ့ ဒေါ်စန်းနုက ပြောပါတယ်။ "ကျမတို့ ၃ ယောက်မနက် ၆ နာရီလောက်က တောထဲကို သက်ကယ်တိုးသွားတာ။ သက်ကယ်မရှိတာနဲ့ ရွာကိုပြန်အလာမှာ သေသွားတဲ့ အဒေါ်က ရှေ့ကအလယ်မှာတယောက်၊ ကျမ က နောက်ဆုံးမှာ။ တောလမ်းအတိုင်း ပြန်လာရာကနေ လမ်းကွေ့လေးရောက်တော့ ဆင်ကလည်း မျက်နှာချင်းဆိုင်လာတာတွေ့တာနဲ့ ထွက်ပြေးကြတာ။ သူလည်း ဘယ်ကိုရောက်မှန်းမသိဘူး။ လမ်းပေါ်ပြန်ရောက်လို့ ဆိုင်ကယ်သမာ တယောက်ကို တွေ့တာနဲ့ သွားရှာပေးဖို့ပြောတော့ သွားရှာပေးပြီး ဆိုင်ကယ်နဲ့ တင်ခေါ်လာတယ်။ ရွာရောက်တော့မှ သေသွားတာ" လို့ပြောပါတယ်။ ကျွဲဘုတ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်တင်ထွေးက "အခုသေဆုံးသွားတဲ့ အဒေါ်က မြေးလေးတယောက်နဲ့နေတာ။ သွားတဲ့သုံးယောက်မှာ သူက အသက်အကြီးဆုံးဆိုတော့ အမောဆို့ပြီး သေဆုံးသွားတာ။ ကျနော့်ကို အကြောင်းကြားတော့ အသက်ရှိသေးတယ်ဆိုတော့ လူနာတင်ယာဉ်ခေါ်ပြီး ဆေးရုံပို့မယ်အလုပ်မှာ ဆုံးသွားတာ။ တောဆင်ရိုင်းတွေက စိုက်ခင်းနဲ့နေအိမ်တွေ ဖျက်ဆီးတာတွေရှိသလို့ အရင်က လူနင်းသတ်တာတွေ လည်း ရှိတယ်။" လို့ ပြောပါတယ်။ ဖေဖော်ဝါရီ ၉ ရက်နေ့ကလည်း ချင်းကုန်းကျေးရွာမှာ တောဆင်ရိုင်းဝင်ရောက်ပြီး လင့်စင်ပေါ်အိပ် နေတဲ့ အမျိုးသားတဦးကို ဆွဲချပြီး နင်းသတ်ခဲ့ကာ လူနေအိမ်တွေကိုလည်း ဖျက်ဆီးသွားခဲ့ပါတယ်။ နေ့စဉ်တောဆင်ရိုင်းတွေ ဝင်ရောက်နေတာကြောင့် လူတွေ လုပ်ကိုင်စားသောက်ရာမှာ အခက်အခဲတွေဖြစ်ပေါ်နေပြီး ကလေးတွေ ကျောင်းတက်ရာမှာလည်း သွားလာရေးအခက်အခဲတွေ ဖြစ်ပေါ်နေတယ်လို့ ကျေးရွာပြည်သူတွေက ပြောပါတယ်။ သတင်း - မေသွယ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024