နာရီပိုင်းအတွင်း ကြည့်ရှုသူ ၁၀ သန်းနီးပါးရှိနေသည့် တေလာဆွစ်ဖ်သီချင်းသစ်-The Man(ရုပ်သံ)

နာမည်ကြီး ကန်းထရီးပေါ့ပ်အဆိုတော် တေလာဆွစ်ဖ်ရဲ့ သီချင်းသစ်တပုဒ်ဖြစ်တဲ့ The Man ဟာ ထွက်ရှိပြီး နာရီပိုင်းအတွင်းမှာပဲ ယူကျုပေါ်မှာ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၁၀ သန်းနီးပါး ရှိနေခဲ့ပြီ ဖြစ်ပါတယ်။ သူကိုယ်တိုင် ရေးစပ်ထားတဲ့ ဒီသီချင်းဟာ တေလာဆွစ်ဖ်ရဲ့ ၇ ချပ်မြောက် ထွက်ရှိလာမယ့် အယ်လ်ဘမ် Lover ထဲက ၄ ပုဒ်မြောက် ထွက်ရှိလာတဲ့ သီချင်းတပုဒ်လည်း ဖြစ်ပါတယ်။ သီချင်းအသစ်တပုဒ် ထွက်လိုက်တိုင်းမှာ ထူးခြားဆန်းပြားမှုတွေနဲ့ ပရိသတ်တွေကို ဆွဲဆောင်နိုင်တဲ့ တေလာဆွစ်ဖ်ဟာ ဒီသီချင်း ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ အမျိုးသမီးတွေနဲ့ အမျိုးသားတွေကို ကမ္ဘာကြီးက ဘယ်လိုခြားနားတဲ့ ရှုမြင်ပုံတွေနဲ့ ရှိနေတယ်ဆို တဲ့ အကြောင်းတွေနဲ့ ဖော်ကျူးထားခဲ့တာပါ။ Lover တေးအယ်လ်ဘမ်ထဲမှာတော့ စုစုပေါင်း သီချင်းပုဒ်ရေ ၁၈ ပုဒ်တိတိ ပါဝင်မှာဖြစ်ပြီး ဒီအယ်လ်ဘမ်ထဲက သီချင်းတပုဒ်ဖြစ်တဲ့ Me! ကိုတော့ ပြီးခဲ့တဲ့ ဧပြီ ၂၆ ရက်နေ့မှာ ထုတ်လွှင့်ခဲ့တာပါ။ နောက်တပုဒ်ဖြစ်တဲ့ You Need to Calm Down ကိုတော့ ဇွန်လ ၁၄ ရက်နေ့မှာ ထုတ်လွှင့်ခဲ့ပြီး Title သီချင်းဖြစ်တဲ့ Lover ကတော့ တတိယမြောက် ထုတ်လွှင့်ခဲ့တဲ့သီချင်း ဖြစ်ပါတယ်။ အသက် ၃၀ အရွယ်ရှိနေပြီဖြစ်တဲ့ တေလာဆွစ်ဖ်ဟာ လူမှုရေးလုပ်ငန်းတွေဖြစ်တဲ့ ကလေးသူငယ် စာတတ်မြောက်ရေး၊ သဘာဝဘေးအန္တရာယ် ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ၊ လိင်တူချစ်သူတွေကို ခွဲခြားဆက်ဆံမှု ပပျောက်ရေး လုပ်ငန်းတွေနဲ့ ကျန်းမာရေးချို့တဲ့နေတဲ့ ကလေးသူငယ်တွေအတွက် အကျိုးပြုအဖွဲ့အစည်းတွေမှာ ပါဝင်လှုပ်ရှားခဲ့သူတဦးလည်း ဖြစ်ပါတယ်။ သူဟာ ဇာတ်ကြောင်းပြန်ပြောပြတဲ့ သီချင်းပုံစံမျိုးတွေ၊ ကျေးလက်ဂီတနဲ့ ပေါ့ပ်ဂီတ အမျိုးအစား သီချင်းတွေနဲ့အတူ ပရိသတ်အားပေးမှု ရရှိခဲ့ပြီး ထင်ရှားသူဖြစ်ပါတယ်။ သူ့ရဲ့သီချင်းတွေကို ကိုယ်တိုင်ရေးဆိုလေ့ရှိတဲ့ တေလာဆွစ်ဖ်ဟာ တကိုယ်တော် တေးအယ်လ်ဘမ်တွေဖြစ်တဲ့ Taylor Swift (2006)၊ Fearless (2008)၊ Speak Now (2010)၊ Red (2012)၊ 1989 (2014)၊ Reputation (2017) စတဲ့ အယ်လ်ဘမ် ၆ ချပ်ထိ ထွက်ရှိခဲ့ပြီးဖြစ်ကာ နာမည်ကြီး ဂရမ်မီတေးဂီတဆု အပါအဝင် ဆုပေါင်း ၃၀၀ ကျော် ဆွတ်ခူးရရှိထားသူ ဖြစ်ပါတယ်။ သိပ်မကြာခင်ကလည်း သူ့ရဲ့အကြောင်း အထုပတ္တိဒရာမာရုပ်ရှင် Miss Americana ထွက်ရှိခဲ့ပြီး ပရိသတ်တွေကြား အားပေးမှုတွေ ရရှိထားခဲ့တာပါ။ ခုထွက်ရှိလာတဲ့ သီချင်းဟာလည်း လတ်တလော ပရိသတ်တွေကြားမှာ ရေပန်းစားနေခဲ့ပြီး နာမည်ကျော် Glamour မဂ္ဂဇင်းကတော့ ဒီသီချင်းဟာ အမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည်ကို ဆွဲထုတ်မြှင့်တင်ပေးနိုင်တဲ့ သီချင်းဖြစ်တယ်လို့ ဆိုပါတယ်။ နယူးယောက်အခြေစိုက် Vulture မဂ္ဂဇင်းကတော့ ဒီသီချင်းထဲမှာ တေလာဆွစ်ဖ်နဲ့ ပတ်သက်ခဲ့ဖူးတဲ့ အဆိုတော် ဟယ်ရီစတိုင်လ်၊ သရုပ်ဆောင်မင်းသား ဂျိတ်ဂီလင်ဟားလ်နဲ့ ဂျိုးအော်လ်ဝင်တို့ကို ရည်ညွှန်းတဲ့ တေးသွားစာသားတွေလည်း ပါဝင်နေတယ်လို့ ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up