Home
မြန်မာသတင်း
စစ်သားများပြစ်မှုကျူးလွန်ပါကအရေးယူမည်ဟု ကုလလူ့အခွင့်အရေးကောင်စီ၌ ဝန်ကြီးပြော
DVB
·
February 27, 2020
တပ်မတော်သားတွေ ပြစ်မှုတစ်စုံတစ်ရာ ကျူးလွန်ကြောင်း အထောက်အထား ခိုင်ခိုင်လုံလုံတွေ့ရှိပါက စစ်ဥပဒေချုပ်ရုံးက စစ်ဘက်ဆိုင်ရာ တရားဥပဒေ လုပ်ထုံးလုပ်နည်းနဲ့ အရေးယူသွားမယ်လို့  ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ပြောကြားလိုက်ပါတယ်။ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ ဖေဖော်ဝါရီ ၂၆ ရက်က ကျင်းပတဲ့ (၄၃) ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးရဲ့ အဆင့်မြင့်ကဏ္ဍ ဆွေးနွေးပွဲမှာ နိုင်ငံတော်အတိုင်ပင်ခံရုံး ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ တက်ရောက် မိန့်ခွန်းပြောကြားခဲ့တာပါ။ ရခိုင်ပြည်နယ်အရေးကိစ္စဖြေရှင်းဖို့ အစိုးရရဲ့ ကတိကဝတ်တွေကို ပြည်ထောင်စုဝန်ကြီးက ထပ်လောင်းပြောကြားခဲ့ပြီး၊ ၂၀၁၆နဲ့ ၂၀၁၇ ခုနှစ်မှာ အာဆာရဲ့ ရည်ရွယ်ချက် ရှိရှိ တိုက်ခိုက်ခဲ့မှုဟာ လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေတွေကို အခက်အခဲဖြစ်စေရုံသာမက ရခိုင်ပြည်နယ်အတွင်း လူမှုသဟဇာတဖြစ်ရေး၊ ပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကြိုးပမ်းမှုတွေ အားလျော့စေတယ်လို့လည်း ပြောပါတယ်။  နေရပ်စွန့်ခွာသူတွေ မိမိဆန္ဒအလျောက် လုံခြုံစွာနဲ့ သိက္ခာရှိရှိ ရခိုင်ပြည်နယ်သို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ လက်မှတ်ရေးထိုးထားတဲ့ သဘောတူစာချုပ်များကို တိကျစွာလိုက်နာပြီး စစ်မှန်တဲ့ နိုင်ငံရေးဆန္ဒ၊ ကတိကဝတ်ပြုထားမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ပြသဖို့ တိုက်တွန်း ပြောကြားလိုက်ပါတယ် ။ တာဝန်ခံမှု တာဝန်ယူမှုအပိုင်းမှာလည်း မြန်မာအစိုးရက နိုင်ငံတကာဥပဒေတွေနဲ့ အခြေခံမူဝါဒများကို အခိုင်အမာလိုက်နာကြောင်း၊  လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင် (ICOE) အစီရင်ခံစာနဲ့ပတ်သက်လို့ သမ္မတရုံးက နောက်ထပ်စုံစမ်းစစ်ဆေးမှုတွေနဲ့ အရေးယူမှုတွေ ဆောင်ရွက်နိုင်ဖို့ ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ ညွှန်ကြားထားတယ်လို့လည်း ဆိုပါတယ်။ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီဟာ လူ့အခွင့်အရေးကိစ္စအားလုံးအား တန်းတူညီမျှ ဆက်ဆံတဲ့နေရာ၊ ဖွံ့ဖြိုးတိုးတက်မှုကို ဦးစားပေးကိစ္စအဖြစ် မှတ်ယူတဲ့နေရာ၊ နိုင်ငံတွေရဲ့ အချုပ်အခြာအာဏာကို လက်ကိုင်ထားပြီး လုပ်ဆောင်ချက်တွေ တန်းတူညီမျှမှုရှိစွာ လုပ်ဆောင်ပြီး စံနှစ်မျိုးကျင့်သုံးမှု မလုပ်တဲ့နေရာ၊ ဆင်ခြင်တုံတရား ကင်းမဲ့စွာ တဖက်သတ် အာဏာသုံးမှုနဲ့ လုပ်ပိုင်ခွင့်တို့ကို ခွင့်မပြုတဲ့နေရာ၊ ဓနအင်အားကြွယ်ဝမှုအတိုင်းအတာနဲ့ နိုင်ငံရေးလွှမ်းမိုးမှုတို့နဲ့ တန်ဖိုးကို မဆုံးဖြတ်တဲ့နေရာလို့  စိတ်ကူးအိပ်မက်ခဲ့ပေမယ့် လက်တွေ့ အမှန်တကယ်ဖြစ်မလာကြောင်း ပြောသွားပါတယ်။  သတင်း- MOFA
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024