ပြည်သူတင်ပြလာသည့်ကိစ္စများကို အစိုးရဌာနဆိုင်ရာများက အလေးထားမှုအားနည်းနေ

စစ်ကိုင်းတိုင်းအတွင်းဌာနဆိုင်ရာတွေအနေနဲ့ ပြည်သူတွေတင်ပြတဲ့ ကိစ္စတွေ၊ အစိုးရရဲ့ အမိန့်ညွှန်ကြားချက်တွေကို အကောင်အထည်ဖော်တဲ့ ကိစ္စတွေမှာ အလေးအနက်မရှိတဲ့အပေါ် အစိုးရအနေနဲ့ ဖြေရှင်းပေးဖို့ ဝန်းသိုမြို့နယ် ကိုယ်စားလှယ်က ဖေဖော်ဝါရီ ၂၆ ရက်နေ့က ကျင်းပတဲ့ စစ်ကိုင်းတိုင်းလွှတ်တော် အစည်းအဝေးမှာ မေးမြန်းလိုက်ပါတယ်။  တာဝန်အလေးထားမှုမရှိတာတွေက ထွေအုပ်၊ စီခန့်၊ လယ်စီ၊ မြေစာရင်း စတဲ့ဌာနတွေက အများဆုံးဖြစ်နေတယ်လို့  ဝန်းသိုမြို့နယ် ကိုယ်စားလှယ်က ဦးဇော်လင်းဦးက ပြောပါတယ်။ "အထူးသဖြင့် ပြည်သူ့အခက်အခဲပြဿနာကို တိုက်ရိုက်ထိတွေ့ဖြေရှင်းပေးဖို့ တာဝန်ရှိတဲ့ ထွေအုပ်၊ မြို့နယ်စီခန့်ကော်မတီ၊ မြို့နယ်လယ်စီ၊ မြေစာရင်း စတဲ့ဌာနတွေမှာ လုပ်ငန်းလျော့ရဲတာ အများဆုံးတွေ့ရတယ်။ ဒါတွေက ပြုပြင်ပြောင်းလဲရေးတွေကို ပြည်သူ့အစိုးရ၊ ကိုယ်စားလှယ်က ဘယ်လောက်ပဲလုပ်လုပ် ဝန်ထမ်းတွေက လိုက်ပါဆောင်ရွက်တာ အားနည်းနေရင် အစိုးရ၊ ကိုယ်စားလှယ်တွေအပေါ်မှာ ပြည်သူတွေရဲ့ ယုံကြည်မှု ပိုမိုကျဆင်းစေနိုင်တယ်။ ဖွံ့ဖြိုးရေးလုပ်ငန်း တွေမှာ ပြည်သူတွေက အစိုးရကို ကျေနပ်အားရမှုရှိတယ်။ ပြဿနာအခက်အခဲကိုင်တွယ်တဲ့ ကိစ္စတွေ၊ သက်ဆိုင်ရာဌာနတွေကို ထိန်းကျောင်းတဲ့ အနေအထားမျိုးတွေမှာ အားနည်းနေပါ သေးတယ်။ ဒါက ပြည်သူ့အသံတွေအရပြောရတာပေါ့။" အစိုးရအနေနဲ့ ဝန်ထမ်းတွေနဲ့ပတ်သက်လို့ ပြည်သူတွေရဲ့ တင်ပြချက်၊ ကိုယ်စားလှယ်တွေရဲ့ ညှိနှိုင်းချက်တွေနဲ့ အစိုးရရဲ့ အမိန့်ညွှန်ကြားချက်တွေကို လိုက်နာ အကောင်အထည်ဖော်မှု အားနည်းတဲ့ ဝန်ထမ်းတွေကို ဝန်ထမ်းဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ အစိုးရအဖွဲ့က အရေးယူတာတွေရှိနေတယ်လို့ ဆိုပါတယ်။ စစ်ကိုင်းတိုင်း အစိုးရအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ စီမံ/ဘဏ္ဍာဝန်ကြီး ဦးစိုးဦးက "ပြည်လည်တည်ဆောက်နေရတဲ့ နိုင်ငံတစ်နိုင်ငံအနေနဲ့ ဝန်ထမ်းတွေက နိုင်ငံတည်ဆောက်ရေး လုပ်ငန်းစဉ်တွေမှာ လိုက်လျောညီထွေ လိုက်ပါဆောင်ရွက်နိုင်ရေး တိုင်းအစိုးရအဖွဲ့အနေနဲ့ ကြိုးစားလုပ်ဆောင်နေပါတယ်။"လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။ ဒါ့အပြင် ဝန်ထမ်းတွေရဲ့ အရည်အချင်းတွေ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက်လည်း ပြည်တွင်း၊ ပြည်ပတွေကို စွမ်းဆောင်ရည်မြှင့်သင်တန်းတွေ စေလွှတ်သင်ကြားနေတယ်လို့လည်း ဆိုပါတယ်။ စစ်ကိုင်းတိုင်းအတွင်း အစိုးရအဖွဲ့မှာ တိုင်းရင်းသားရေးရာဝန်ကြီးဌာနအပါအဝင် ဝန်ကြီးဌာန ၉ ခုရှိပါတယ်။ အဲဒီအောက်မှာ ဌာန၊ အဖွဲ့အစည်းပေါင်း ၄၀ ဝန်းကျင်ရှိပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up