စပိုက်ဒါမန်း မင်းသားအသံဖြင့် သရုပ်ဆောင်ထားသည့် အဲန်နီမေးရှင်းရုပ်ရှင် – Onward (နမူနာ)

ကွန်ပျူတာအဲန်နီမေးရှင်း အထူးပြုလုပ်ချက်တွေနဲ့ ရှုစားကြရမယ့် ဟောလိဝုဒ် ရုပ်ရှင် - Onward ကို လာမယ့် မတ်လ ၆ ရက်နေ့မှာ စတင်ပြီးတော့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီကားကိုတော့ နာမည်ကျော် Walt Disney Pictures နဲ့ Pixar Animation Studios တို့ ပူးပေါင်းတင်ဆက်လိုက်တာဖြစ်ပြီး Monsters University ရုပ်ရှင်နဲ့ နာမည်ကြီးတဲ့ အမေရိကန် ရုပ်ရှင်ဒါရိုက်တာ Dan Scanlon က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ မှင်စာ၊ နတ်သူငယ်၊ ရေသူမ၊ လူတပိုင်း မြင်းတပိုင်း သတ္တဝါနဲ့ ယူနီကွန်းတို့လို သတ္တဝါတွေ နေထိုင်တဲ့၊ လူသူမရှိတဲ့ ကမ္ဘာကို အခြေတည် ရိုက်ကူးထားခဲ့တာပါ။ ဆယ်ကျော်သက် နတ်သူငယ်ညီအစ်ကို နှစ်ယောက် ဖြစ်ကြတဲ့ Ian နဲ့ Barley တို့ ဟာ ကမ္ဘာကြီးပေါ်မှာ နည်းနည်းလောက် ကျန်နေဦးမယ့် မှော်ပညာတွေကို လိုက်ပြီး ရှာဖွေကြမယ့် စွန့်စားခန်းတွေနဲ့အတူ စိတ်ဝင်စားစရာ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ ပရိသတ်တွေ သိကြပြီးဖြစ်တဲ့ စပိုက်ဒါမန်းသရုပ်ဆောင်မင်းသား Tom Holland နဲ့ Jurassic World ရုပ်ရှင်စီးရီးစ်တွေနဲ့ နာမည်ကြီးတဲ့ သရုပ်ဆောင်မင်းသား Chris Pratt တို့က အသံသရုပ်ဆောင်တွေအနေနဲ့ အတွဲညီညီနဲ့ ခေါင်းဆောင်ပါဝင်ထားကြတာပါ။ ဒီကားထဲမှာ ပါဝင်တဲ့ တချို့ဇာတ်ဝင်ခန်းမြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေနဲ့ ပြောစကား Dialog တွေက ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ PG အဆင့် သတ်မှတ်ထားပါတယ်။ IMDb မှာတော့ ဒီရုပ်ရှင်ကားဟာ Rating 7.5 အထိ ရရှိထားတဲ့ ဇာတ်ကားကောင်း တကားလည်း ဖြစ်ပါတယ်။ ကြာမြင့်ချိန် ၁၀၃ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကိုတော့ နိုင်ငံတကာရုပ်ရှင်ပွဲတော်တခုဖြစ်တဲ့ အကြိမ် ၇၀ မြောက် Berlin International Film Festival မှာ ပြီးခဲ့တဲ့ အပတ်က ကနဦး ပြသခဲ့ပြီး ချီးကျူးမှုတွေလည်း ရရှိထားပါတယ်။ Box Office မှာတော့ ဒီရုပ်ရှင်ကို ရုံတင်ပြသမယ့် ပထမသီတင်းပတ်မှာတင် အမေရိကန်နဲ့ ကနေဒါမှာ ဝင်ငွေအမေရိကန်ဒေါ်လာ ၄၄ သန်းနီးပါး ရရှိနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up