Homeမြန်မာသတင်း
ကိုရိုနာဗိုင်းရပ်စ်ကြောင့် မြန်မာအပေါ်အကျိုးသက်ရောက်မှု ရှောင်ရှားမရနိုင်ဟု အတိုင်ပင်ခံ ပုဂ္ဂိုလ်ပြော
ကိုရိုနာဗိုင်းရပ်စ်ကြောင့် မြန်မာအပေါ်အကျိုးသက်ရောက်မှု ရှောင်ရှားမရနိုင်ဟု အတိုင်ပင်ခံ ပုဂ္ဂိုလ်ပြော
DVB
·
February 26, 2020
ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် မြန်မာနိုင်ငံအပေါ်မှာ ကျန်းမာရေးနဲ့ စီးပွားရေး အကျိုးသက်ရောက်မှုရှိတဲ့အကြောင်းနဲ့ အဲဒီအကျိုးသက်ရောက်တွေကို ရှောင်ရှားလို့မရဘူးလို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်မှာ မနေ့က ဒေသခံပြည်သူတွေနဲ့ တွေ့ဆုံစဉ် ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ပထမဆုံးအကြိမ် လူထုကိုပြောကြားလိုက်တာပါ။
“အများသိတဲ့ ကိုရိုနာဗိုင်းရပ်စ်ကိစ္စက ကျမတို့ နိုင်ငံအပေါ်မှာ အကျိုးသက်ရောက်မှုရှိ ပါတယ်။ အဲဒီအကျိုးသက်ရောက်တွေကို ရှောင်ရှားလို့မရပါဘူး။ သို့သော် ကျမတို့က ပထမ ဦးဆုံး လုပ်သင့်လုပ်ထိုက်တာကို လုပ်တဲ့နိုင်ငံတစ်ခုပါ။ ကျမတို့အနေနဲ့ ကျန်းမာရေးကိစ္စ သာမက စီးပွားရေးဘက်ကလည်း ထိခိုက်နိုင်တယ်ဆိုတာကို နှလုံးသွင်းပြီး အစောကြီး လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်ပါတယ်။”
ဒါ့အပြင် ဝူဟန်မှာရှိနေတဲ့ မြန်မာနိုင်ငံသားတွေကိုလည်း တခြားနိုင်ငံတွေထက် အရင်ဆုံးပြန်လည်ခေါ်ယူနိုင်ခဲ့တယ်လို့လည်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါတယ်။
“ဝူဟန်မှာရှိနေတဲ့ ကျမတို့ရဲ့ လူငယ်နိုင်ငံသားတွေကို ပြန်ပြီးခေါ်တဲ့ အထဲမှာ ကျမတို့က ပထမဦးဆုံးပါ။ ကမ္ဘာပေါ်မှာ အချမ်းသာဆုံး နိုင်ငံ မဟုတ်ပါဘူး။ ဒါပေမယ့် နိုင်ငံသားတွေကို တတ်နိုင်သမျှစောင့်ရှောက်မယ်ဆိုပြီး ပထမဦးဆုံး စီစဉ်ပြီး ပြန်ခေါ်တဲ့နိုင်ငံ ဖြစ်ပါတယ်။ အခုလည်း နိုင်ငံကို ပြန်လာချင်တဲ့ တရားမဝင် သွား ရောက်ခဲ့တဲ့သူတွေကို ကျမတို့က တတ်နိုင်သလောက် ကူညီပြီး ပြန်ခေါ်မှာပါ။”
ဒါ့အပြင် ပြည်ပမှာတရားမဝင်သွားရောက်နေတဲ့သူတွေနဲ့ပတ်သက်ပြီးလည်း တရားဝင် စာရွက်စာတမ်းတွေမရှိတဲ့အတွက် အနိုင်ကျင့်ခံရသူတွေကို အမြဲကူညီပေးဖို့ အစိုးရကနေ မူဝါဒချမှတ် လုပ်ဆောင်နေသလို နိုင်ငံသူနိုင်ငံသားတွေအားလုံး ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ခေါင်းမရှာင်ဘဲ တာဝန်ယူမှုရှိတယ်လို့လည်း ပြောသွားပါတယ်။
လက်ရှိအချိန်အထိ မြန်မာနိုင်ငံအတွင်းမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားတဲ့ အတည်ပြုလူနာ တဦးမှ မရှိသေးပေမယ့် စောင့်ကြည့်ကုသပေးနေတဲ့ လူနာတွေတော့ရှိနေဆဲဖြစ်ပါတယ်။
တရုတ်နိုင်ငံမှာ ပျံ့နှံ့ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် မြန်မာနိုင်ငံရဲ့ စီးပွားရေး လုပ်ငန်းတွေ အထူးသဖြင့် သီးနှံစိုက်ပျိုးရေးနဲ့ ပို့ကုန်လုပ်ငန်း၊ ပင်လယ်ရေထွက်ကုန်လုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ လေကြောင်းလိုင်းတွေနဲ့ အထည်ချုပ်လုပ်ငန်းတွေမှာ ထိခိုက်မှုရှိနေပါတယ်။
ဓာတ်ပုံ- State Counsellor