DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်တပ်မတော်မြောက်ပိုင်းနှင့် အစိုးရတပ် ပစ်ခတ်မှုထပ်မံဖြစ်ပွား
DVB
·
March 13, 2013
Donate to DVB

အပစ်ခတ်ရပ်လက်မှတ်ရေးထိုးထားတဲ့ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းနဲ့ အစိုးရတပ်အကြား ပစ်ခတ်မှုတွေ ပြန်ဖြစ်နေပါတယ်။

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် နမ့်ပေါင်အခြေစိုက် ခလရ ၂၉၁ က အစိုးရတပ်တွေဟာ  တန့်ယန်းမြို့နယ် မိုင်းကောဝ်ကျေးရွာအုပ်စုအရှေ့ဘက် လွိုင်လင်တောင်က  ရှမ်းပြည်တပ်မတော် တပ်မဟာ ၃၆ လက်အောက်ခံ တပ်ရင်းအမှတ် ၁၉၂ အခြေစိုက်စခန်းဘက်ကို  ကြိုတင်အကြောင်းမကြားဘဲ ၀င်ရောက်လာတဲ့အတွက် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာလို့ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလက ပြောပါတယ်။

“ဖြစ်စဉ်က ကျနော်တို့တပ်အခြေချထားတဲ့နေရာကို သူတို့တက်လာတယ်လေ။ ကျနော်တို့ထိန်းချုပ်တဲ့နေရာ၊ တပ်ရှိတဲ့နေရာကိုလာရင် သတင်းပို့ရမယ်ဆိုတဲ့ အချက်အလက်ပေါ် သူတို့ မလိုက်နာလို့ ခဏ ခဏ ပစ်ခတ်မှုတွေ ဖြစ်တာပေါ့။ ကျနော်တို့ အင်အား ၁၀၀ လောက်၊ သူတို့ပြောတာတော့ ရိက္ခာပို့တဲ့အတွက် လမ်းကင်းယူတယ်လို့တော့ ပြောတယ်။ နောင်မွန်း ဆိုတဲ့ နေရာသွားမလို့ပါ။ ဒါပေမယ့် နောင်မွန်းသွားတဲ့လမ်းကြောင်းလည်း မဟုတ်ဘူး။ ကားလမ်းနဲ့ဆို ၄-၅ မိုင်လောက် ဝေးတယ်။”

ပစ်ခတ်မှုတွေဟာ မနေ့က ညနေ ၃ နာရီခွဲကနေ ၆ နာရီကျော်ထိ တကြိမ်၊ ဒီနေ့ မနက် ၆ နာရီခွဲကနေ မွန်းလွဲ ၁ နာရီကျော်ထိ ပစ်ခတ်ခဲ့ကြပြီး ထိခိုက်ဒဏ်ရာရစာရင်း မသိရသေးဘူးလို့ ဆိုပါတယ်။

မနေ့က ပစ်ခတ်မှုဖြစ်ရတာနဲ့ ပတ်သက်ပြီး ရှမ်းပြည်တပ်မတော် မြောက်ပိုင်းဘက်က လားရှိုးဆက်ဆံရေးရုံးကနေတဆင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် အောင်စိုးဆီ အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။

ဗိုလ်မှူးချုပ် အောင်စိုးက သူတို့တပ်ကို ပြန်ရုပ်ပေးမယ့်အကြောင်းနဲ့ ပစ်ခတ်ဖို့ အမိန့်မပေးခဲ့ကြောင်း၊ အောက်ခြေက သူတို့ဘာသာ လုပ်သွားတာ ဖြစ်နိုင်ကြောင်း အကြောင်းပြန်ခဲ့တယ်လို့ ဗိုလ်မှူးစိုင်းလက ပြောပါတယ်။

ဒါပေမယ့် ဒီနေ့ မွန်းလွဲ ၂ နာရီကျော်ထိတော့ အစိုးရတပ်တွေ မဆုတ်ခွာသေးဘူးလို့ ဗိုလ်မှူးစိုင်းလက ပြောပါတယ်။

အခု ထိတွေ့တိုက်ပွဲဖြစ်တဲ့နေရာဟာ  ဖေဖော်ဝါရီလကုန်ပိုင်းက တိုက်ပွဲဖြစ်တဲ့ ရှမ်းပြည်တပ်မတော် ဖွံ့ဖြိုးရေးစီမံကိန်းတည်ဆောက်နေရာ လွိုင်လန်းဒေသနဲ့ မနီးမဝေးမှာ ရှိကြောင်း၊ ဒါပေမယ့် တပ်ချင်းတော့ မတူဘူးလို့ ဆိုပါတယ်။

စစ်အစိုးရလက်ထက်မှာ အပစ်အရပ် သဘောတူခဲ့ပေမယ့် ဌာနေပြည်သူ့စစ်ပြောင်းဖို့ လက်မခံတဲ့ ရှမ်းပြည်တပ်မတော် မြောက်ပိုင်းအဖွဲ့ဟာ အစိုးရတပ်နဲ့ ၂၀၁၁ ခုနှစ်တွင်း တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားပြီး ၂၀၁၂ ထဲမှာတော့ အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့နဲ့ ပြည်နယ်အဆင့်နဲ့ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်ရေး လက်မှတ်ရေးထိုးခဲ့တယ်။

ဒါပေမယ့်လည်း အစိုးရတပ်ဘက်က နယ်မြေရှင်းလင်းရေးအတွက် ရှမ်းပြည်တပ်မတော် တပ်စခန်းတွေကို နောက်ဆုတ်ခိုင်းတာနဲ့ အကြောင်းမကြားဘဲ နယ်မြေထဲ ၀င်လာတာတွေကြောင့် ထိတွေ့တိုက်ပွဲပေါင်း  အနည်းဆုံး ၈၀ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ရှမ်းပြည်တပ်မတော် မြောက်ပိုင်းက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013