Home
မြန်မာသတင်း
ဘယ်ပြည်ပစိန်ခေါ်မှုကိုမှ ကြောက်ရန် မလိုဟု ဒေါ်အောင်ဆန်းစုကြည်ပြော 
DVB
·
February 26, 2020
87319533_1854836157983925_7773442243670573056_o
ပြည်တွင်းမှာ ညီညွတ်မှုရှိပြီး အားလုံးကို လက်တွဲ ရင်ဆိုင်မယ်ဆိုရင် ဘယ်ပြည်ပစိန်ခေါ်မှု ကိုမှ ကြောက်ဖို့ မလိုဘူးလို့  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။  နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်မှာ မနေ့က ဒေသခံပြည်သူတွေနဲ့ တွေ့ဆုံစဉ် ပြောကြားလိုက်တာပါ။  ရခိုင်နဲ့ပတ်သက်ပြီး တစ်ကမ္ဘာလုံးက ဖိနှိပ်နေတာတွေလည်း ရှိပါတယ်။ ဒီကြားထဲ ကနေ ကျမတို့ ရုန်းကန်ပြီး တိုးတက်အောင် လုပ်နိုင်ပါတယ်။ ဒီလိုပြဿနာတွေ မရှိဘူးဆိုရင် ဘယ်လောက်တိုးတက်နိုင်မလဲဆိုတာ စဉ်းစားကြည့်ပါ။ ပြည်ပက ကျမတို့ကို ဘယ်လိုပဲ ကြည့်ကြည့်၊ ဘယ်လိုဖိအားတွေပဲရှိရှိ အဓိက ပြည်တွင်းအင်အားပါ။ ကျမတို့ ပြည်တွင်းမှာ ကျမတို့ဟာ ညီညွတ်တယ် တစ်စိတ်တည်းတစ်ဝမ်းတည်းရှိတယ်။ အားလုံးလက်တွဲပြီး ရင်ဆိုင်စရာအားလုံးကို ရင်ဆိုင်မယ်ဆိုရင် ဘယ်ပြည်ပစိန်ခေါ်မှုကိုမှ ကျမတို့ ကြောက်ဖို့ မလိုပါဘူး။ ဘယ်ပြည်ပစိန်ခေါ်မှုကိုမှ စိုးရိမ်စရာမရှိပါဘူး။”  ရခိုင်ပြည်နယ်မှာဖြစ်တဲ့ ပြဿနာတွေကို သေသေချာချာမသိကြဘဲ အမျိုးမျိုး ဝေဖန်စွပ်စွဲမှုတွေနဲ့ ကြုံတွေ့နေရတယ်လို့လည်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားလိုက်ပါတယ်။  ကျမတို့ နိုင်ငံက နိုင်ငံတကာရဲ့ဖိအားတွေကို အများကြီးခံခဲ့ရပါတယ်။ အဓိက ခံရတာက ရခိုင်ပြည်နယ်မှာဖြစ်တဲ့ ပြဿနာတွေကို သေသေချာချာ ဂဃနဏ နားမလည်ဘဲနဲ့ ကျမတို့ကို အမျိုးမျိုးဝေဖန် စွပ်စွဲနေတာတွေကြောင့်ပါ။ အခုဆို စိန်ခေါ်မှုတွေ အများကြီး ရင်ဆိုင် နေရတဲ့ စိန်ခေါ်မှုထဲကနေ အရင်နှစ်က ကျမတို့နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ သိသိသာသာ တက်လာပါတယ်။ ဒါက ကျမတို့နိုင်ငံဟာ ရုန်းကန်နေရပြီး အကူအညီမရတဲ့အထဲကနေ ဒီလိုတိုးတက်မှုရအောင် လုပ်နိုင်တာပါ။ ဒါပေမယ့် စိန်ခေါ်မှုတွေက တချိန်လုံး ရှိနေပါတယ်။ မထင်မှတ်ဘဲနဲ့လည်း ပေါ်လာတာရှိပါတယ်။”   နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်တဲ့အဖွဲ့ဟာ ကရင်ပြည်နယ် ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ မြဝတီ၊ လှိုင်းဘွဲ စတဲ့မြို့တွေကို ၂ ရက်ကြာလည့်လည်သွားရောက်ပြီး ဒေသခံတွေနဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။  ဓာတ်ပုံ- State Counsellor
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024