ရွှေသောင်ယံတွင်ဖမ်းမိသည့် ဘင်္ဂါလီ ၄၄ ဦးကို ရုံးထုတ်စစ်ဆေး
DVB
·
February 26, 2020
ရွှေသောင်ယံကမ်းခြေမြို့ ပေါက်လှချိုင်ကမ်းခြေမှာ ဖမ်းမိခဲ့တဲ့ ဘင်္ဂါလီတွေကို ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်တရားရုံးမှာ ဖေဖော်ဝါရီ ၂၄ ရက် မနက်က ရုံးထုတ် စစ်ဆေးပါတယ်။
ဖမ်းမိခဲ့တဲ့ ဘင်္ဂါလီ ၄၈ ဦးအနက် NVC ကတ်ကိုင်ဆောင်ထားတဲ့သူ ၃ ဦးနဲ့ ကလေးငယ်တဦးကလွဲပြီး ကျန်တဲ့သူအားလုံးကို ပုသိမ်မြို့နယ်တရားရုံးမှာ ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခဲ့တာဖြစ်တယ်လို့ ပုသိမ် မြို့နယ်တရားသူကြီးကပြောပါတယ်။
"ဒီနေ့ကတော့ သူတို့ကို ရက်ပေါင်း ၁၈၀ အတွင်း စစ်ဆေးမယ်ဆိုတဲ့အကြောင်း ပြောပြတာပေါ့၊ သူတို့ဘက်ကလည်း ရှေ့နေ့လိုက်ပါဆောင်ရွက်မယ့်သူတွေ ပါဝါတင်တာ ဒီနေ့ရုံးချိန်းကတော့ ဒီလောက်ပါပဲ'' လို့ ပုသိမ်မြို့နယ်တရားသူကြီး ဒေါ်ခင်မြတ်မြတ်ထွန်းက ပြောပါတယ်။
ဖေဖော်ဝါရီ ၂၄ ရက် ပထမဆုံးအကြိမ်ရုံးထုတ်စစ်ဆေးခဲ့တဲ့ ရုံးချိန်မှာ ဖမ်းမိတဲ့ ဘင်္ဂါလီတွေကို မြို့နယ်တရားသူကြီးက သူတို့ရဲ့အမှုနဲ့ပတ်သက်ပြီး လာမယ့် မတ်လ ၄ ရက်နေ့ မှာ စတင်စစ်ဆေးမယ်လို့ ပြောဆိုခဲ့တာပါ။
အဆိုပါဘင်္ဂါလီ ၄၄ ဦးကို ၁၉၄၉ ခုနှစ် ပြည်ထောင်စု မြန်မာ နိုင်ငံအတွင်းနေထိုင်သူများမှတ်ပုံတင်ရေးအက်ဥပဒေပုဒ်မ ၆(၁)၊ ၆(၂)၊ ၆(၃) တို့နဲ့ တရားစွဲဆို ခဲ့တာလို့ မြို့နယ်တရားရုံးရဲ့ မှတ်တမ်းအရ သိရပါတယ်။
ဧရာဝတီတိုင်းရဲ့ အနောက်ဘက်ကမ်းခြေဒေသတွေဟာ ရခိုင်ပြည်နယ်နဲ့ နယ်နိမိတ် ထိစပ်နေတာတွေကြောင့် ကုန်လမ်းကရော ရေလမ်းကပါ တရားမဝင်ဝင်ရောက်လာတဲ့ ဘင်္ဂါလီတွေကို မကြာခဏဖမ်းဆီးရမိနေတာဖြစ်ပြီး ဖမ်းမိသူတွေကို တရားစွဲဆိုထောင်ချတာတွေ နေရပ်ပြန်လည်ပို့ဆောင်တာတွေ လုပ်ဆောင်လေ့ရှိပါတယ်။
မင်းထက်မုန်း (ပုသိမ်)