Home
မြန်မာသတင်း
ဖာပွန်ခရိုင်တွင် ရွာသား ၂၀၀၀ ကျော် တကျော့ပြန်ထွက်ပြေးနေရ
နော်နိုရင်း
·
February 25, 2020
87291692_10158067678787208_488778470969573376_n
87171880_10158067676212208_9083559224893505536_n
87261265_10158067679557208_7606162978412429312_n
87041733_10158067678632208_1144959154931105792_n
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်း   တပ်မတော်က ဝင်ရောက်လမ်းဖောက်လုပ်မှုကြောင့် ကျေးရွာ ၉ ရွာက ရွာသား ၂၀၀၀ ကျော် စိုးရိမ်ထိတ်လန့် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကရင်အမျိုးသမီးအစည်းအရုံးက ပြောပါတယ်။ အပစ်အခတ်ရပ်နားထားချိန် အခုနှစ်ဆန်းပိုင်းကပြီး ဖာပွန်ခရိုင်အတွင်း တပ်မတော်ဘက်က စစ်ရေးမဟာဗျူဟာကျတဲ့ လမ်းကြောင်းမှာ ကားလမ်းဖောက်လုပ်တာကြောင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ဖွဲ့တွေနဲ့  ကြိုကြားတိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။ ကရင်အမျိုးသမီးအစည်းအရုံး အထွေထွေအတွင်းရေးမှူး နော်ကညောဖောက “ရွာ ၉ ရွာက လူဦးရေ ၂၁၃၇ ဦးရှိတယ်။ အဲဒီရွာကတော့ မူတြော်ခရိုင် (ဖာပွန်ခရိုင်) လူသောမြို့နယ်က ဖြစ်တယ်။ ဒီလိုထွက်ပြေးတိမ်းရှောင်ရတဲ့ အကြောင်းအရင်းက တပ်မတော်ဘက်က လမ်းဖောက်လုပ်မှုတွေ လုပ်တယ်၊ သတ်မှတ်နယ်မြေတွေမှာ လမ်းမချဲ့ဖို့ ဒါပေမဲ့ လမ်းဖောက်လုပ်တဲ့အတွက် ပစ်ခတ်မှုတွေဖြစ်တယ်။ ပစ်ခတ်မှုတွေဖြစ်ပြီး တပ်မတော်ဘက်က လက်နက်ကြီးတွေပစ်ခတ်တဲ့ အတွက် လက်နက်ကြီးကျည်တွေဟာ ရွာတွေမှာ၊ လယ်ယာတွေမှာ ကျရောက်သလို စစ်အင်အားတွေတိုးချဲ့တဲ့အတွက် ရွာသူရွာသားတွေက မနေရဲတော့တဲ့အတွက် ထွက်ပြေးတိမ်း ရှောင်နေကြရတာဖြစ်ပါတယ်။ ” ဖေဖော်ဝါရီ ၂၂ ရက်နေ့ကလည်း ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ တပ်မဟာ ၅ အတွင်းက ထိုးကလိခီးနဲ့ ဘောကျိုးလဲ ကျေးရွာအကြားမှာ တပ်မတော် စကခ ၈ လက်အောက်ခံ ခမရ ၄၀၆ နဲ့ မိနစ်မှာ ကေအန်အယ်အေ တပ်ရင်း ၁၀၂ အောက်က တပ်စိတ် ၃ နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ ပါတယ်။  ဒီတိုက်ပွဲဖြစ်ပွားပြီးနောက် တပ်မတော်ဘက်က လက်နက်ကြီးလက်နက်ငယ်တွေနဲ့  ည ၉ နာရီအထိ ပစ်ခတ်ခဲ့ကြောင်း ကေအန်ယူဘက်က ထုတ်ပြန်ထားပါတယ်။  အခုလက်ရှိဖြစ်နေတဲ့ အနေအထားအရ ဖာပွန်ခရိုင်အတွက်မှာရှိတဲ့ကျေးရွာတွေ ထွက်ပြေး တိမ်းရှောင်မှု ပိုမိုများပြားလာနိုင်ကြောင်းနဲ့ အိုင်ဒီပီတွေအနေနဲ့ အမိုးအကာအခင်း၊ အစားသောက်နဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ ကရင်အမျိုးသမီးအစည်းအရုံး အထွေထွေအတွင်းရေးမှူး နော်ကညောဖော်ကနော့က ပြောပါတယ်။ အပစ်အခတ်ရပ်စဲရေး ခိုင်မာစေရေး အခြေခံမူအရ ဆက်လက်ဆွေးနွေးဖို့ လုပ်ငန်းစဉ်တွေချ မှတ်နိုင်ရေးနဲ့ လတ်တလော ကေအန်ယူထိန်းချုပ်နယ်မြေအတွင်း တပ်မတော်ဘက်က ကားလမ်း ဖောက်လုပ်မှုနဲ့ပတ်သက်လို့ ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတဲ့ အခြေအနေတွေကို ကေအန်ယူနဲ့ တပ်မတော်တာဝန်ရှိသူတွေအကြား ဖေဖော်ဝါရီလ ၁၉ ရက်နေ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ ကရင်လူ့အခွင့်အရေးအဖွဲ့ကတော့ ပြည်သူတွေထိခိုက်မှုအများဆုံးဖြစ်စေတဲ့ လက်နက်ကြီး ရမ်းသတ်ပစ်ခတ်မှုတွေကို လုံးဝရှုတ်ချကြောင်းနဲ့ ရွာသားတွေအနေနဲ့ အကြောက်တရားကြောင့် ထပ်ခါတလဲလဲ ထွက်ပြေးတိမ်းရှောင်မှု ကင်းလွတ်ခွင့်ရှိရမယ်လို့ ဖေဖော်ဝါရီ ၂၀ ရက်နေ့က ထုတ်ပြန်ထားပါတယ်။  ဒေသခံတွေ ရွှေ့ပြောင်းနေထိုင်မှုကို ဖြစ်စေတဲ့ လုပ်ရပ်ဟာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အပိုင်း ၉ (ဂ) ကို တိုက်ရိုက်ချိုးဖောက်တာ ဖြစ်တယ်လို့လည်း ကရင်လူ့အခွင့်အရေးအဖွဲ့က ထောက်ပြထားပါတယ်။ 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024