DVB Logo
Home
မြန်မာသတင်း
ဦးပိုင်က ကော်မရှင်အကြံပြုချက်ကို ဆောင်ရွက်မည်ဟု ထုတ်ပြန်
DVB
·
March 13, 2013
Donate to DVB

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာမှာ ဖော်ပြအကြံပြုချက်တွေကို ၀န်ကြီးဌာနတွေရဲ့ လုပ်ထုံးလုပ်နည်းများနဲ့ အညီ ဆောင်ရွက်သွားမယ့်အပြင် နိုင်ငံတကာအဆင့်မီ ပြည်ပကျွမ်းကျင်သူကုမ္ပဏီတွေကို ငှားရမ်းပြီး စနစ်တကျ ဆောင်ရွက်သွားမယ်လို့ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်က သဘောထား ထုတ်ပြန် လိုက်ပါတယ်။

မတ် ၁၂ ရက် ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာ ကုမ္ပဏီအနေနဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်က အကြံပြုထားတဲ့ မြေယာလျော်ကြေးကိစ္စတွေ၊ စိုက်ပျိုးမြေ ပြန်လည်ဖော်ထုတ်ရေး ကိစ္စတွေ၊ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နဲ့ ၀မ်ပေါင်ကုမ္ပဏီိတို့ ချုပ်ဆိုထားသော စာချုပ်အား ပြန်လည် ပြင်ဆင် ချုပ်ဆိုရေးကိစ္စတွေ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှု၊ ထုတ်လုပ်မှု၊ လုပ်ငန်းခွင်ကျန်းမာရေးနဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ စီမံခန့်ခွဲမှု၊ အပြည်ပြည်ဆိုင်ရာ လက်မှတ်များရရှိရေး ကိစ္စရပ်တွေ၊ ဒေသခံလူထုအတွက် အကျိုးကျေးဇူးရရှိရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ပေးရေးနဲ့ ဒေသဖွံ့ဖြိုးရေးကိစ္စရပ်တွေနဲ့ ဆာလဖျူရစ်အက်စစ် စက်ရုံဆိုင်ရာကိစ္စရပ်တွေ စတဲ့အကြံပြုချက်များကို ၀န်ကြီးဌာနတွေရဲ့ လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်သွားမယ့်အပြင် နိုင်ငံတကာအဆင့်မီ ပြည်ပကျွမ်းကျင်သူကုမ္ပဏီများကို ငှားရမ်းပြီး စနစ်တကျ ဆောင်ရွက်သွားမယ်လို့ ပါရှိပါတယ်။

အစီရင်ခံစာပါ အချက်အကုန်လုံးကို လက်ခံဆောင်ရွက်မယ်ဆိုတဲ့ စာသားတော့ ပါဝင်ခြင်းမရှိပါဘူး။

ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်တဲ့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်ဟာ အပြီးသတ်အစီရင်ခံစာကို မတ် ၁၁ ရက်နေ့မှာ သမ္မတထံ ပေးပို့ခဲ့ပြီးနောက် အဲဒီရက်မှာပဲ သမ္မတက ဒီအစီရင်ခံစာအပေါ် အကောင်အထည်ဖော် ဆောင်ရွက်မယ့် ကော်မတီတရပ် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါတယ်။

သမ္မတရုံး ပြည်ထောင်စုဝန်ကြီးတွေ၊ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတွေ အများအပြားနဲ့ မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက်နဲ့ မြန်မာဝမ်ပေါင်ကုမ္ပဏီက အရာရှိကြီးတွေ ပါဝင်တဲ့ အဖွဲ့ဝင် ၁၅ ဦးပါ အဲဒီကော်မတီရဲ့ လုပ်ကိုင်ဆောင်ရွက်မယ့် လုပ်ငန်းတွေနဲ့ အချိန် အကန့်အသတ် စတဲ့ အသေးစိတ်ကိုတော့ ဖော်ပြထားခြင်းမရှိပါဘူး။

စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာမှာ ဒီစီမံကိန်းကို လက်ရှိပုံစံအတိုင်း ဆက်လုပ်ခွင့် မပေးသင့်သလို၊ စာချုပ်ကို တဖက်သတ် ဖျက်သိမ်းတာမျိုးမလုပ်သင့်ကြောင်း အကြံပြုထားပြီး ဒီစီမံကိန်းကို အစီအမံတွေ ချမှတ်ပြီး ဆက်လက်လုပ်ဆောင်သင့်တယ်လို့ အကြံပြုထားပါတယ်။

အစီရင်ခံစာအပေါ် တရုတ် ၀မ်ပေါင်ကုမ္ပဏီဘက်ကတော့ တရားဝင် သဘောထား ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

ဒီအစီရင်ခံစာ မထွက်ရှိခင်ကတည်းက လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်း လုံးဝဖျက်သိမ်းရေး တောင်းဆိုသူတွေက လက်ပန်းတောင်းတောင် စီမံကိန်းအပိုင်ထဲက အင်ကြင်းတောင်နဲ့ လိပ်ခွံတောင်တွေမှာ သပိတ်စခန်းဖွင့်လှစ် ဆန္ဒပြနေကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013