Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းအစိုးရ၏ အလှူအတန်းနှင့်လက်ဆောင်အသုံးစရိတ် လဝကကွန်ပြူတာစနစ်ပြောင်း စရိတ်ထက်ပိုများနေ
DVB
·
February 25, 2020
စစ်ကိုင်းတိုင်းမှာ လဝကလုပ်ငန်းစဉ်တွေဆောင်ရွက်ဖို့အတွက် ကွန်ပျူတာစနစ်ပြောင်းဖို့ အသုံးစရိတ်ဟာ တိုင်းအစိုးရရဲ့ အလှူအတန်းနဲ့ လက်ဆောင် အသုံးစရိတ်ထက် အလွန်အမင်းနည်းပါးနေတယ်လို့ ကိုယ်စားလှယ်က ဝေဖန်ပြောကြား လိုက်ပါတယ်။  စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ခရိုင် ၁၀ ခရိုင်၊ မြို့နယ်ပေါင်း ၃၇ မြို့နယ်နဲ့ ကျေးရွာပေါင်း ၆၀၀၀ ဝန်းကျင်၊ လူဦးရေ ၅ သန်းခွဲနီးပါးရှိပါတယ်။ အဲဒီမြို့နယ်တွေက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ လုပ်ငန်းစဉ်တွေကို စက္ကူအခြေပြုစနစ်နဲ့သာ မှတ်တမ်းတွေ၊ ဖိုင်တွဲတွေပြုလုပ်ပြီး သိမ်းဆည်းနေရတာဖြစ်ပါတယ်။  ခေတ်ကာလအရ မမျှော်လင့်တဲ့ ဘေးအန္တရာယ်တွေကြုံတွေ့လာတဲ့အခါ ဒီစက္ကူဖိုင်တွဲတွေကို အချိန်တိုအတွင်း သယ်ယူရွှေ့ပြောင်းဖို့ မလွယ်ကူတာကြောင့် အချက်အလက်တွေကို ကွန်ပျူတာ အခြေပြု External Harddisk တွေနဲ့ သိမ်းဆည်းနိုင်ရေးအစိုးရက စီမံဆောင်ရွက်ပေးဖို့ကို ရေဦးမြို့နယ် တိုင်းဒေသကြီးကိုယ်စားလှယ် ဦးမြင့်ထွေးက ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ကျင်းပတဲ တိုင်းလွှတ်တော်မှာ မေးမြန်းခဲ့တာပါ။  မေးခွန်းနဲ့ပတ်သက်ပြီး စစ်ကိုင်းတိုင်းလူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမိုးကျော်သူက လက်ရှိမှာ မုံရွာခရိုင်အတွင်းက မုံရွာမြို့နှင့် ချောင်းဦးမြို့တွေမှာ အချက်အလက်သိမ်းဆည်းတာကို ကွန်ပျူတာစနစ်အသုံးပြုပြီး ဆောင်ရွက်နေတာ အောင်မြင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် တစ်တိုင်းလုံးရှိ ၃၇ မြို့နယ်လုံးကို တပြိုင်နက်ထဲ ပြုလုပ်ဖို့မှာ အစိုးရအဖွဲ့အနေနဲ့ ဘဏ္ဍာငွေ အခက်အခဲကြောင့် ဆောင်ရွက်ပေးဖို့ အစီအစဉ်မရှိသေးတဲ့အကြောင်းကို ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ပါတယ်။  ကွန်ပျူတာ ၁ စုံ၊ Scanner ၁ လုံး၊ External Harddisk ၁ လုံးကို ပျမ်းမျှ ၁၂ သိန်းကျပ်ဝန်းကျင် ကုန်ကျတယ်လို့ သိရပါတယ်။ ၃၇ မြို့နယ်အတွက် ကျပ် ၄၄ သန်းကျော် ကုန်ကျမှာဖြစ်ပါတယ်။  တိုင်းအစိုးရအဖွဲ့ရဲ့ အလှူအတန်းနဲ့ လက်ဆောင်ပစ္စည်းဝယ်ယူဖို့အတွက် အသုံးစရိတ်က ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် ကျပ်သန်း ၃၀၀ တောင်းခံထားပြီး လဝကလုပ်ငန်းစဉ်မှာ ကွန်ပျူတာစနစ်ပြောင်းလဲမှာထက် အဆများစွာ ပိုမိုကုန်ကျတာဖြစ်တယ်လို့လည်း ကိုယ်စားလှယ် က ပြန်လည်ဝေဖန်ပြောဆိုခဲ့တာပါ။ "ကျနော်တို့ ရေဦးမြို့နယ်လဝက ဌာနတစ်ခုမှာ ဖိုင်စဉ်ပေါင်း ၂၀ ကျော်၊ ဖိုင်တွဲပေါင်း ၆၈၀၀ ကျော် သိမ်းဆည်းရတဲ့အခါမှာ External Harddisk နဲ့သာသိမ်းမယ်ဆိုရင် စနစ်တကျ သယ်ယူရွှေ့ပြောင်းနိုင်ပါတယ်။ စောစောကပြောတဲ့ ကွန်ပျူတာ ၁ စုံအတွက် ကျပ် ၁၂ သိန်း ပဲကျတယ်ဆိုရင် ၃၇ မြို့နယ်အတွက် သိန်းပေါင်း ၄၄၄ သိန်းပဲ ကျပါမယ်။ တချို့မြို့နယ်တွေဆို ပစ္စည်းအခြေအနေပေါ်မူတည်ကာ ၁၂ သိန်းအောက် လျှော့ချလို့ ရဦးမယ်။ တိုင်းဒေသကြီး အစိုးရ အဖွဲ့ရဲ့ အလှုအတန်းနှင့် လက်ဆောင်ပစ္စည်းအတွက် ရန်ပုံငွေတောင်းခံတာက ကျပ်သန်းပေါင်း ၃၀၀ ဖြစ်ပါတယ်။ ဒါက RE ဘတ်ဂျက်ရှိသေးတယ်။ ၂၀၂၀-၂၁ BE ဘတ်ဂျက်မပါသေးဘူး။ ဒါကို အရအသုံးငွေစာရင်းနဲ့ ညှိနှိုင်းပြီး ပြောင်းလို့ရမရပေါ့။"လို့ ဦးမြင့်ထွေးက မေးမြန်းခဲ့တာပါ။ ဒါ့အပြင် နိုင်ငံသားစိစစ်ရေးကတ်တွေကို Smart Card ပြောင်းလဲဆောင်ရွက်နိုင်မှု အခြေအနေ၊ လဝကရုံးတွေအတွင်းမှာ သွားလာရေးအဆင်ပြေလွယ်ကူစေဖို့ ပတ်လမ်းခင်းတာတွေ လုပ်ပေးဖို့တွေကိုလည်း တောင်းဆိုခဲ့ပါသေးတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024