အနိမ့်အမြင့် အတက်အကျ ဇာတ်ကွက်များနှင့် ရာဇဝတ်မှုဒရာမာရုပ်ရှင်-The Whistlers (နမူနာ)

1.6K
ထူးခြားတဲ့ Crime Thriller အမျိုးအစား ရိုမေးနီးယန်းရုပ်ရှင်ကားတကားဖြစ်တဲ့ The Whistlers ကို နိုင်ငံတကာမှာ လာမယ့် ဖေဖော်ဝါရီ လ ၂၈ ရက်နေ့မှာ စတင်ပြီး ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။
ဒီကားကိုတော့ ရိုမေးနီးယန်းရုပ်ရှင်ဒါရိုက်တာ Corneliu Porumboiu က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။
ရိုမေးနီးယန်းဘာသာစကားနဲ့ဆိုရင် La Gomera လို့ အမည်ရတဲ့ ဒီရုပ်ရှင်ကားထဲမှာတော့ ရိုမေးနီးယားနိုင်ငံမြို့တော် Bucharest မှာ အကျဉ်းကျ ဖမ်းဆီးခံထားရတဲ့ စီးပွားရေးသမား Zsolt ကို လွတ်မြောက်အောင် ကယ်တင်ဖို့ ကြိုးစားတဲ့ အကျင့်ပျက် ခြစား ရဲအရာရှိ တယောက်အကြောင်းကို ရှုစားကြရမှာပါ။ အဲဒီလို ကယ်တင်နိုင်ဖို့အတွက် သူဟာ El Silbo လို့ ခေါ်တဲ့ စကားလုံးတွေအစား လေချွန်ပြီး အချက်ပြပြောဆိုဆက် သွယ်ရတဲ့ ဘာသာစကားကို သင်ယူဖို့ ကနေရီကျွန်းစုတွေထဲက တခုဖြစ်တဲ့ La Gomera ကျွန်းဆီရောက်လာခဲ့ချိန်မှာ ဘာတွေကြုံတွေ့ရမလဲ၊ ဘယ်လို ရှုပ်ထွေးတဲ့ မှု ခင်းဇာတ်လမ်းဇာတ်ကွက်တွေ၊ အချိုးအကွေ့၊ အတက်အကျတွေနဲ့ ရိုက်ကူးပုံဖော်ထား မလဲ ဆိုတာတွေကို ဒီကားထဲမှာ ရှုစားကြရမှာ ဖြစ်ပါတယ်။
ဒီကားထဲမှာတော့ ရိုမေးနီးယန်းသရုပ်ဆောင်မင်းသား Vlad Ivanovနဲ့ Catrinel Menghia တို့က အဓိကခေါင်းဆောင်ပြီး ပါဝင်ထားကြတာ ဖြစ်ပါတယ်။
Rating NR အဆင့်သတ်မှတ်ထားတဲ့ ဒီရုပ်ရှင်ကားဟာ IMDb မှာတော့ Rating 6.6 အထိ ရရှိထားခဲ့ပါတယ်။
ကြာမြင့်ချိန် ၉၇ မိနစ်ရှိတဲ့ ဒီကားကို နာမည်ကြီး ရုပ်ရှင်ပွဲတော်တခုဖြစ်တဲ့ Cannes Film Festival မှာ Official Selection အနေနဲ့ ကနဦးပြသခဲ့ပြီး ချီးကျူးမှုတွေ လည်း ရရှိထားပါတယ်။