တရားမဝင်ချေးငွေလုပ်ငန်းများကို အရေးယူပေးရန် စစ်ကိုင်းတိုင်းလွှတ်တော်ထံတင်သွင်း  

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအနေနဲ့ တရားမဝင်ချေးငွေလုပ်ငန်းလုပ်ကိုင်နေတာတွေကို ပြတ်ပြတ်သားသား အရေးယူပေးဖို့ အဆို စစ်ကိုင်းတိုင်းလွှတ်တော်မှာ တင်သွင်းလိုက်ပါတယ်။ စစ်ကိုင်းတိုင်းအတွင်း မြန်မာမင်္ဂလာသစ်ကုမ္ပဏီအပါအဝင် တရားမဝင် ငွေချေး လုပ်ငန်းလုပ်ကိုင်နေသူတွေ များစွာရှိနေပြီး မြို့နယ်တိုင်းမှာ ချေးငွေလိုင်စင်မရှိဘဲ ငွေချေးလုပ်ငန်း လုပ်နေတဲ့ ကုမ္ပဏီ၊ အစုအဖွဲ့တွေကို အစိုးရအနေနဲ့ ပြတ်ပြတ်သားသား အရေးယူပေးဖို့အဆို တစ်ခုကို ဝက်လက်မြို့နယ် တိုင်းဒေသကြီးကိုယ်စားလှယ် ဦးစိုးဝင်းထွန်းက ဖေဖော်ဝါရီ ၂၄ ရက်  စစ်ကိုင်းတိုင်းလွှတ်တော်မှာ အဆိုတင်သွင်းခဲ့ပါတယ်။ အဆိုရှင် ဦးစိုးဝင်းထွန်းက "ချေးငွေလိုင်စင်မရှိဘဲ လုပ်နေတာက ဥပဒေကို ချိုးဖောက်တာပဲဖြစ်တယ်။ တရားဥပဒေ စိုးမိုးမှုကို စိန်းခေါ်လိုက်တာပဲ။ ဒါကြောင့် အစိုးရအနေနဲ့ ပြတ်ပြတ်သားသား ဆောင်ရွက်ဖို့လိုပြီ။ ချေးငွေချေးမယ့် ကုမ္ပဏီတွေရဲ့ နောက်ကွယ်က အဖွဲ့အစည်း၊ သုံးစွဲမယ် ငွေကြေးတွေကအစ စုံစမ်း ဖော်ထုတ်စစ်ဆေးဖို့ လိုတယ်။ တိုင်းပြည်က ဒီမိုကရေစီစနစ်ကို စတင်ကျင့်သုံး အကောင်အထည် ဖော်နေဆဲကာလဖြစ်တယ်။ ဒီလိုအချိန်မှာ တရားမဝင်ချေးငွေနဲ့ အမြတ်ကြီးစားချေးငွေလုပ်ငန်း တွေက ပြည်သူတွေကို ဆင်းရဲတွင်းထဲ နက်သထက် နက်အောင် ဆွဲချနေသလို နိုင်ငံရေးအရလည်း ဒီမိုကရေစီစနစ်ကို သွယ်ဝိုက်ပျက်ပြားစေနိုင်တယ်။"လို့ ပြောပါတယ်။ စာရင်းတွေအရ စစ်ကိုင်းတိုင်းအတွင်းမှာ တရားဝင်ငွေချေးလုပ်ငန်းလုပ်ကိုင်တာ ၄၆ ခုရှိပြီး INGO ၁ ခု၊ NGO ၅ ခု၊ အစုစပ်ကုမ္ပဏီ ၁ ခု၊ ပြည်တွင်းကုမ္ပဏီ ၁၉ ခု၊ ပြည်ပကုမ္ပဏီ ၂၀ ခု ရှိပါတယ်။ ပြည်ထောင်စုဥပဒေမှာလည်း လိုင်စင်မရှိဘဲ ငွေချေးလုပ်ငန်းလုပ်ကိုင်ခွင့်ကို တားမြစ်ထားသလို လက်ရှိ မြန်မာမင်္ဂလာသစ်ကုမ္ပဏီကလည်း ခွင့်ပြုချက်ထဲမှာ မပါဝင်ပါဘူး။  အသေးစားငွေရေးကြေးရေး လုပ်ငန်းကြီးကြပ်မှုကော်မတီက ထုတ်ပြန်တဲ့ အမိန့်ညွှန်ကြားချက်တွေနဲ့အညီ ဆောင်ရွက်ခြင်းမရှိတဲ့ မည်သည့်ကုမ္ပဏီ၊ အဖွဲ့အစည်းကိုမဆို ပြည်ထောင်စုလွှတ်တော် အသေးစားငွေရေးကြေးရေးလုပ်ငန်းဥပဒေနဲ့အညီ ပြတ်ပြတ်သားသား အရေးယူဖို့ လိုတယ်လို့လည်း စစ်ကိုင်းမြို့နယ်ကိုယ်စားလှယ် ဒေါ်စုမြတ်ထက်က ထောက်ခံဆွေးနွေးခဲ့ပါတယ်။ အသေးစားငွေရေးကြေးရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီး ၂၀၁၄ ခုနှစ်က ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာနဖွဲ့စည်းကာ ဒီနေ့ထိ ဆောင်ရွက်နေပါတယ်။ ပြည်ထောင်စု လွှတ်တော်က အတည်ပြုထားတဲ့ အသေးစား ငွေရေးကြေးရေးဥပဒေအရ မွေးမြူရေး၊ ကုန်သွယ်ရေး၊ ထုတ်လုပ်မှု၊ ဝန်ဆောင်မှု စတဲ့ ကဏ္ဍတွေအပေါ်မှာ ထုတ်ချေးပေးတာဖြစ်ပါတယ်။ လုပ်ငန်းလိုင်စင်မရှိဘဲ လုပ်ကိုင်ခြင်းမရှိရဆိုတဲ့ တားမြစ်ချက်တွေလည်း ဥပဒေမှာ ထည့်သွင်းထားပါတယ်။ ဖောက်ဖျက်ကျူးလွန်သူကို ငွေဒဏ် သို့မဟုတ် ၅ နှစ်ထက်မပိုတဲ့ ထောင်ဒဏ် သို့မဟုတ် ဒဏ် ၂ ရပ်လုံးချမှတ်ရမယ်လို့ ဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။ အခုလို ငွေချေးလုပ်ငန်းတွေကို ကုမ္ပဏီအမည်ခံတွေတင်မက တချို့နိုင်ငံရေး အဖွဲ့အစည်းတွေရဲ့ ကျောထောက်နောက်ခံနဲ့ ဆောင်ရွက်နေတာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။ အဆိုနဲ့ပတ်သက်လို့ ဘယ်နေ့ဆွေးနွေးမယ်ဆိုတာ မသိရသေးပေမယ့် လွှတ်တော်က လက်ခံဆွေးနွေးဖို့ ကန့်ကွက်သူမရှိ သဘောတူထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up