Home
မြန်မာသတင်း
တပ်မတော်သားကိုယ်စားလှယ် အော်ဟစ်ကန့်ကွက်၊ လွှတ်တော်ဂုဏ်သိက္ခာ မထိခိုက်စေရန် နာယက သတိပေး 
DVB
·
February 25, 2020
၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်မှာ ဒီမနက်က စတင်ဆွေးနွေးရာမှာ တပ်မတော်သား ကိုယ်စားလှယ်တဦးက အော်ဟစ်ကန့်ကွက်ခဲ့ပြီး  လွှတ်တော်အတွင်း ဆွေးနွေးမှုတွေဟာ လွှတ်တော်ရဲ့ ဂုဏ်သိက္ခာကို မထိခိုက်အောင် ဂရုပြုကြဖို့ လွှတ်တော်နာယက ဦးတီခွန်မြတ်က သတိပေးလိုက်ပါတယ်။ ဆွေးနွေးမှုတွေ မစတင်ခင်မှာပဲ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးချုပ်အောင်စန်းချစ်က သူတင်သွင်းထားတဲ့ ဥပဒေကြမ်းက ပြင်ဆင်ချက် တခု ကျန်ရစ်ခဲ့တဲ့အပေါ် ကန့်ကွက်ခဲ့တာလည်း ဖြစ်ပါတယ်။ “ပြည်ထောင်စုလွှတ်တော်ဆိုင်ရာနည်းဥပဒေ ၁၃၅ အရ ဥပဒေမူကြမ်းနဲ့ပါတ်သက်ပြီး အသေးစိတ်လေ့လာစိစစ်ရန်သာရှိပြီး ပယ်ဖျက်ခြင်းပြုလုပ်ထားခဲ့မှုကို ကျနော့်အနေနဲ့ ကန့်ကွက်ပါတယ်။ ဒီလိုသေချာစွာ မပြုလုပ်ထားတဲ့အပေါ် ကန့်ကွက်ပါတယ်” လို့ ဗိုလ်မှူးချုပ်အောင်စန်းချစ်က ပြောပါတယ်။ ဒါနဲ့ပတ်သက်လို့နာယက ကတော့ သာမန်မှားယွင်းတာလို့ ယူဆပြီး ဥပဒေကြမ်းလေ့လာစိစစ်ရေး ပူးပေါင်းကော်မတီထံ ဖြေရှင်းချက်တောင်းခံခဲ့ပါတယ်။ ပူးပေါင်းကော်မတီက ဒေါက်တာမြတ်ဉာဏစိုးက “ကျနော်တို့ဟာ ဗိုလ်မှူးချုပ် အောင်စန်းချစ် တင်သွင်းထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၆၂၊ ပုဒ်မခွဲ ဋ နဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ တလုံးတပါဒမှ ပြင်ဆင်ထားခြင်း မရှိပါဘူးခင်ဗျ။ ရေးထုံးပိုင်းဆိုင်ရာ ပြင်ဆင်ချက်များကလွဲလို့ ကျနော်တို့ ပြင်ဆင်ခွင့်လည်း မရှိပါဘူး။ ဥပဒေစာသားများကို ကျနော်တို့ ပြင်ဆင်လို့ မရပါဘူးခင်ဗျ။”လို့ ပြောပါတယ်။  ပူးပေါင်းကော်မတီက ပြန်လည်ဖြေဆိုပြီးနောက်မှာ တပ်မတော်သားကိုယ်စားလှယ်တစ်ဦးက လွှတ်တော်အတွင်း မိုက်မသုံးဘဲအော်ဟစ်ကန့်ကွက်ခဲ့ပါတယ်။ “ဗိုလ်ချုပ်။ ကြမ်းတမ်းရုန့်ရင်းတဲ့ အမူအရာတွေ မသုံးပါနဲ့။ မေတ္တာရပ်ခံပါတယ်။” လို့ လွှတ်တော် နာယကက သတိပေးပြောကြားလိုက်ပါတယ်။   ဒါကို အရေးယူပေးဖို့ အန်အယ်လ်ဒီပါတီက ဦးသိန်းဆွေက တောင်းဆိုခဲ့သေးပေမယ့် နာယကကတော့ တောင်းဆိုမှုကို ရပ်တန့်ဖို့သာ အမိန့်ပေးခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ကိုယ်စားလှယ်တွေရဲ့ လွှတ်တော်အတွင်းဆွေးနွေးမှုတွေဟာ လွှတ်တော်ရဲ့ ဂုဏ်သိက္ခာကို မထိခိုက်အောင် ဂရုပြုကြဖို့ လွှတ်တော်နာယက ဦးတီခွန်မြတ်က သတိပေးခဲ့ပါတယ်။ “ဒါဟာ ပြည်ထောင်စုလွှတ်တော်ဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တယောက်ရဲ့ ဂုဏ်သိက္ခာနဲ့ လျော်ညီစွာ ပြုမူဖို့ လိုအပ်မှာဖြစ်ပါတယ်။ စိတ်ဆန္ဒကိုရှေ့တန်းတင်ရင် မလိုလားအပ်တဲ့ ချစ်ကြည်ရင်းနှီးမှုတွေ ထိခိုက်လာနိုင်တာကြောင့် စောစောကလို ရုန့်ရင်းကြမ်းတမ်းတဲ့ ကိုယ်အမူအရာ နှုတ်အမူအရာများ မပြုဖို့ ပြောကြားလိုပါတယ်။ အားလုံးကို သတိပေးလိုပါတယ်။  ဘယ်မှာလွဲတာလဲဆိုတာ ပြန်ပြောပေးဖို့ လွှတ်တော်နာယကကပြောတာကြောင့် ဗိုလ်မှူးချုပ် အောင်စန်းချစ်က အပိုဒ်လိုက် စာကျန်သွားတာဖြစ်ပါတယ်လို့ ပြောပါတယ်။ အဲဒီအပိုဒ်ကတော့ “နိုင်ငံတော်သမ္မတသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် ခန့်အပ်တာဝန်ပေးခြင်းကို ပြည်ထောင်စုလွှတ်တော်နှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်များသို့ အကြောင်းကြားရမည်။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်သည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်းကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သို့ အကြောင်းကြား၍ နိုင်ငံတော်သမ္မတထံသို့လည်း တင်ပြရမည်” ဆိုတာ ဖြစ်တယ်လို့ ပြောပါတယ်။ လွှတ်တော်ရဲ့ ဂုဏ်ဒြပ်ကို အများကြီးထိခိုက်စေတာကြောင့် ဆင်ခြင်ရမယ် ဆိုပြီး ဆွေးနွေးလာပေမယ့် ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်ကတော့ လွှတ်တော်ရုံးရဲ့ လိုအပ်ချက်ရှိသွားလို့ဖြစ်တဲ့အကြောင်းနဲ့ ဖြည့်စွက်ဆောင်ရွက်ပေးပါမယ်လို့ ပြောသွားပါတယ်။ သတင်း- ဖြိုးသက်ပိုင်မြင့် (နေပြည်တော်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024