Home
မြန်မာသတင်း
မီးရှို့နှိပ်စက်ခံရသည့် ၁၃ နှစ်အရွယ်ကလေးငယ်ကို လပွတ္တာမှ ရန်ကုန်ဆေးရုံကြီးသို့ လွှဲပြောင်း
DVB
·
February 25, 2020
87828844_791847937966218_7858944111842164736_o
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့က ဆီလောင်းမီးရှို့ခံရတဲ့ အသက် ၁၃ နှစ်အရွယ် ကလေးငယ်ကို လပွတ္တာမြို့နယ်၊ ၃ မိုင်ဆေးရုံမှ ရန်ကုန်ဆေးရုံကြီးသို့ ဖေဖော်ဝါရီ ၂၄ ရက် ညပိုင်းမှာ လွှဲပြောင်းပို့ဆောင်ခဲ့ပါတယ်။ ဆေးရုံက လူမှုဆက်ဆံရေးအရာရှိ ကိုအောင်မျိုးခိုင်က “ကာယကံရှင်ရဲ့ ဆန္ဒအရ လွှဲပြောင်းပေးလိုက်တာပါ၊ ရန်ကုန်မှာသွားကုရင်တော့ ပိုကောင်းမယ်၊ သွားချင်လားလို့မေးလိုက်တော့ သွားမယ်ဆိုတာနဲ့ လွှဲပေးလိုက်တာပါ” လို့ ဒီဗွီဘီကိုပြောပါတယ်။ အသက် ၁၃ နှစ်အရွယ် မောင်ဖိုးစနေဟာ မိခင်ဖြစ်သူနဲ့အတူ တုနှိုင်းမမီ ထမင်းနဲ့ ရခိုင် မုန့်တီဆိုင်မှာ ဆိုင်အကူအဖြစ် အလုပ်လုပ်နေရင်း ပိုက်ဆံ ၈၀၀၀၀ ခိုးယူတယ်လို့ ဆိုင်ရှင်က စွပ်စွဲကာ ဖေဖော်ဝါရီ ၁၉ ရက်နေ့ ညပိုင်းက ဆီလောင်းမီးရှို့ခံခဲ့ရပြီး ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ ၃ မိုင်ဆေးရုံမှာ ဆေးရုံတက်ရောက်ဆေးကုသမှု ခံယူခဲ့ရတာပါ။ လပွတ္တာမြို့နယ် ၃ မိုင်ဆေးရုံကြီးမှာ ၅ ရက်ကြာ ဆေးကုသမှုခံယူခဲ့ပြီးနောက်ပိုင်း ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ညပိုင်းမှာ ရန်ကုန်ဆေးရုံကြီးကိုလွှဲပြောင်းဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက စီစဉ်ခဲ့ပြီး ည ၁၀ နာရီ ၂၀ အချိန်လောက်မှာ ဒေသခံပရဟိတအသင်းယာဉ်နဲ့ ရန်ကုန်ဆေးရုံ ကြီးကို ပို့ဆောင်ခဲ့ပါတယ်။ အသက် ၁၃ နှစ်အရွယ် မောင်ဖိုးစနေကို ဆီလောင်းမီးရှို့ခဲ့တဲ့ အသက် ၃၆ နှစ်အရွယ် ဆိုင်ပိုင်ရှင်ဒေါ်ချိုချိုစန်းကို ဧရာဝတီတိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဝင် ဦးမြင့်ဌေးရဲ့ တရားလိုပြုလုပ်တိုင်တန်းမှုနဲ့ လပွတ္တာမြို့မရဲစခန်းမှာ (ပ) ၇၀/၂၀၂၀၊ ရာဇသတ်ကြီး ပုဒ်မ ၃၂၆ နဲ့ဖေဖော်ဝါရီလ ၂၃ ရက် မနက်ပိုင်းက အမှုဖွင့်ထားတယ်လို့ တိုင်းရဲတပ်ဖွဲ့က ဒုရဲမှူးကြီး ထွန်းရွှေက ဒီဗွီဘီကိုပြောပါတယ်။ သတင်း- မင်းထက်မုန်း (ပုသိမ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024