လပွတ္တာတွင် ကလေးလုပ်သား ၁ ဦးကို ဆီလောင်းပြီး မီးရှို့ခဲ့သည့်ဆိုင်ပိုင်ရှင် အရေးယူခံရ
DVB
·
February 24, 2020
ဧရာဝတီတိုင်းဒေကြီး၊ လပွတ္တာမြို့မှာ အသက် ၁၃ နှစ်အရွယ် ဆိုင်အကူလုပ်သား ကလေးငယ်အား ဆီလောင်းပြီး မီးရှို့ခဲ့တဲ့ ဆိုင်ပိုင်ရှင်ကို လပွတ္တာမြို့မရဲစခန်းမှာ မနေ့က အမှုဖွင့် အရေးယူထားတယ်လို့ တိုင်းရဲတပ်ဖွဲ့က တာဝန်ရှိသူတွေက ပြောပါတယ်။
တိုင်းရဲတပ်ဖွဲ့မှူးရုံးက ဒုရဲမှူးကြီးထွန်းရွှေက “အမှုဖွင့်ထားတယ်၊ တရားခံကတော့ ဆိုင်ပိုင်ရှင်အမျိုးသမီးပါ၊ ဖြစ်တာကတော့ ၁၉ ရက်နေ့ကပါ၊ ဆေးရုံကို မီးလောင်ထားတဲ့ ဒဏ်ရာနဲ့ကလေးတဦး ရောက်နေလို့ သက်ဆိုင်ရာအဖွဲ့တွေက စိစစ်ပြီး အမှုဖွင့်လိုက်တာပါ၊ ပုဒ်မ ၃၂၆ နဲ့ပါ၊ အာမခံပေးလို့မရတဲ့ပုဒ်မပါ” လို့ ပြောပါတယ်။
လပွတ္တာမြို့၊ အမှတ် ၁ ရပ်ကွက် စည်ပင်သာယာလမ်းရှိ တုနှိုင်းမမီ ထမင်းနှင့် ရခိုင်မုန့်တီဆိုင်မှာ မိခင်နဲ့အတူ ဆိုင်အကူအဖြစ် အလုပ်လုပ်ကိုင်နေတဲ့ အသက် ၁၃ နှစ်အရွယ် မောင်ဖိုးစနေဟာ ဆိုင်မှ ငွေကျပ် ၈၀၀၀၀ ခိုးယူတယ်လို့ စွပ်စွဲခံရကာ နှိပ်စက်ခံခဲ့ရတဲ့အတွက် ၃ မိုင်ခရိုင် ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေတာပါ။
နှိပ်စက်ခဲ့တဲ့ ဆိုင်ရှင်အမျိုးသမီး အသက် ၃၆ နှစ်အရွယ် ဒေါ်ချိုချိုစန်းဆိုသူကို လပွတ္တာမြို့၊ မြို့မရဲစခန်းမှာ အမှုဖွင့်တိုင်ကြားခဲ့တယ်လို့ ဧရာဝတီတိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဝင် ဦးမြင့်ဌေးက ဒီဗွီဘီကိုပြောပါတယ်။
"ကျနော်တို့က လူမှုကွန်ရက်မှာတွေ့တယ်၊ နယ်မြေခံမိတ်ဖက်အဖွဲ့အစည်းတွေကလည်း သတင်းပေးလို့ မျက်မြင်တွေ့ရအောင်ပြီး မနေ့ကသွားတယ်။ တွေ့တဲ့အချိန်မှာ ကလေးခေါင်းမှာ မီးလောင်ထားတဲ့ပုံစံမျိုးတွေတယ်။ ကလေးကိုတော့မမေးဘူး၊ ကလေးမိခင်ကို မေးတော့ ဟင်းရည်အိုးလောင်တယ်လို့ပြောတယ်။ ခေါင်းကိုတော့ မီးဖိုက ထင်းချောင်းနဲ့ထိမိတယ်လို့ ပြောတယ်။ ပတ်ဝန်းကျင်ကို စုံစမ်းကြည့်လိုက်တော့ တစ်ယောက်ယောက်က လုပ်ကြံတယ်လို့ ပြောတယ်။ မျက်မြင်သက်သေတွေလည်း ရှိပါတယ်၊ အဲဒါကြောင့် ဒီနေ့တော့ အမှုဖွင့်ခဲ့ပါတယ်"
တုနှိုင်းမမီ ထမင်းနဲ့ ရခိုင်မုန့်တီဆိုင်ပိုင်ရှင် ဒေါ်ချိုချိုစန်းက ဖေဖော်ဝါရီ ၁၉ ရက် ည ၁၀ နာရီလောက်မှာ သူ့ရဲ့နေအိမ်အတွင်း ကလေးအလုပ်သမားကို ဓားနဲ့မွှန်း စစ်ဆေးတာတွေ အရင်ဆုံး ပြုလုပ်ပြီး နောက်ပိုင်း ခန္ဓာကိုယ်ကို အရည်လောင်းပြီး မီးခြစ်ကိုပြကာ ခြိမ်းခြောက် မေးမြန်းနေချိန်မှာ မီးခြစ်က မီးတောက်ပြီး ကလေးငယ်ကို ကူးစက်လောင်ကျွမ်းခဲ့တာလို့ ဒေသခံ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။
အမှတ်-၁ ရပ်ကွက် ခေတ္တအုပ်ချုပ်ရေးမှူး ဦးထွေးမြင့်က “ကျနော်က အခင်းဖြစ်တဲ့ နေ့ကတော့ မသိဘူး၊ နောက်နေ့ သတင်းကြားတော့ အဲဒီအိမ်နားက တယောက်ကို ခေါ်မေးတော့မှ သိရတာ၊ ဖြစ်တာက ဒီလို၊ ကလေးကို အရင်ဆုံး ဓားနဲ့ ပခုံးတွေ လက်မောင်းတွေကို ထောက်ပြီး မေးတယ်၊ မရတော့ နောက်တယောက်ကို ဆီပုလင်း သွားယူခိုင်းပြီး ကလေးပေါ်ကို လောင်းချတာ ပြီးတော့ သူ့လက်ထဲက မီးခြစ်ကို ခြစ်လိုက်တော့ မီးစွဲသွားတယ်။ ကလေးအပေါ်ပိုင်း မီးလောင်တော့ ကလေးက အပြင်ထွက်ပြေးပြီး လမ်းမပေါ်က သဲတွေနဲ့ လူးတယ်၊ အဲ့အနားက အိမ်ကိုသွားကပ်တာ အသားစတွေတောင် ကျန်ခဲ့ပါတယ်၊ အဲ့တာတွေကိုလည်း သက်သေအထောက်အထား ယူထားပါတယ်” လို့ ပြောပါတယ်။
အသက် ၁၃ နှစ်အရွယ် ကလေးငယ် မီးရှို့ခံရမှုနဲ့ ပတ်သက်ပြီး ဖေဖော်ဝါရီ ၂၀ ရက်နေ့က လပွတ္တာမြို့မရဲစခန်းက ဒုရဲမှူး မိုးကျော်ကို ဆက်သွယ်မေးမြန်းချိန်မှာ မီးရှို့ခံရမှုနဲ့ ပတ်သက်ပြီး အမှုဖွင့်တာမျိုးမရှိဘူးလိုပြောဆိုခဲ့ပြီး ဖေဖော်ဝါရီ ၂၃ ရက် အမှုဖွင့်တဲ့နေ့ ဆက်သွယ်မေးမြန်း ချိန်မှာတော့ ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပါ။
မီးရှို့ခံခဲ့ရတဲ့ အသက် ၁၃ နှစ်အရွယ်ကလေးငယ်ကို မိခင်ဖြစ်သူနဲ့ အဒေါ်ဖြစ်သူတို့က ဆေးရုံမှာ အနီးကပ်စောင့်ကြည့်နေပြီး ဆိုင်ပိုင်ရှင် ဒေါ်ချိုချိုစန်းကို လပွတ္တာမြို့မရဲစခန်းမှာ (ပ) ၇၆/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆နဲ့ အမှုဖွင့်စစ်ဆေးနေပါတယ်။
အမှုဖွင့်ခံထားရသူ ဆိုင်ပိုင်ရှင် ဒေါ်ချိုချိုစန်းကို အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး သိရှိရဖို့ တုနှိုင်းမမီ ဆိုင်ဖုန်းကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
မင်းထက်မုန်း (ပုသိမ်)