Home
မြန်မာသတင်း
“ပြည်ထောင်စုဥပဒေနဲ့အညီ” ဆိုသည့် စကားရပ်ကြောင့် ဒေသဥပဒေများပြဋ္ဌာန်းရာတွင် နှောင့်နှေး
Aung Ko Latt
·
February 23, 2020
'ပြည်ထောင်စုဥပဒေနဲ့အညီ' ဆိုတဲ့ စကားရပ်က ထိန်းချုပ်ဟန့်တားမှုဖြစ်နေတဲ့အတွက် ဒေသဆိုင်ရာ ဥပဒေတွေ ရေးဆွဲပြဋ္ဌာန်းရာမှာ နှောင့်နှေးကြန့်ကြာမှုတွေ ဖြစ်နေတယ်လို့ စစ်ကိုင်းလွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီဝင်တဦးက  ဖေဖော်ဝါရီ ၂၁ ရက်က ကျင်းပတဲ့ တိုင်းလွှတ်တော်မှာ ပြောဆိုခဲ့ပါတယ်။ စစ်ကိုင်းတိုင်းလွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီရဲ့ ၂၀၁၉ ခုနှစ်အတွင်း လုပ်ငန်း ဆောင်ရွက်ချက် အစီရင်ခံစာကို ကော်မတီအဖွဲ့ဝင် ဒေါ်အေးမြတ်မွန်က လွှတ်တော်ကို တင်သွင်းခဲ့တာပါ။ တိုင်းနဲ့ပြည်နယ်လွှတ်တော်တွေမှာ ဥပဒေပြုရေးဆိုင်ရာကော်မတီတွေအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၈၈၊ ဇယား ၂အရ ဥပဒေတွေကို ပြုစုပြဋ္ဌာန်းခွင့်ပြုထားပါတယ်။ ၂၀၁၉ ခုနှစ်အတွင်း ကော်မတီအနေနဲ့ ရေချိုငါးလုပ်ငန်းဥပဒေ၊ အိမ်တွင်းစက်မှုလက်မှု လုပ်ငန်းဥပဒေတွေကို အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့ပါတယ်။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်သက်တမ်းအတွင်းမှာ ဒေသဆိုင်ရာ ဥပဒေပေါင်း ၈ ခုကို အတည်ပြုပြဋ္ဌာန်းထားပြီး မူကြမ်း ၉ ခုကိုလည်း ညှိနှိုင်းဆွေးနွေးနေကာ တချို့ ဥပဒေတွေကိုတော့ သက်ဆိုင်ရာဌာနတွေဆီ အကြံပြုချက်တောင်းယူတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းနှင့် ပြည်နယ်အလိုက် ဒေသဆိုင်ရာ ဥပေဒတွေပြဋ္ဌာန်းတဲ့အခါ ပြည်ထောင်စုဥပဒေကို မကျော်လွန်ရဆိုတဲ့ ကန့်သတ်ချက်တွေ ရှိနေပါတယ်။  ဒီကန့်သတ်ချက်တွေကို ဖြေလျှော့မှသာ တိုင်းနှင့် ပြည်နယ်တွေမှာ လိုအပ်တဲ့ ဥပဒေတွေကို ရေးဆွဲပြဋ္ဌာန်းနိုင်မှာ ဖြစ်တယ်လို့ စစ်ကိုင်းတိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးသန်းက လူထုတွေ့ဆုံပွဲတွေမှာ ပြောဆိုခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေက မဖြစ်မနေ ပြင်ဆင်ဖို့ လိုအပ်နေတဲ့အကြောင်းကိုလည်း ပြောဆိုထားပါတယ်။ “လွှတ်တော်များက လိုအပ်တဲ့ဥပဒေတွေကို ရေးဆွဲပိုင်ခွင့် ရရှိသင့်ပါတယ်။ ဒါမှလည်း တိုင်းဒေသကြီးအတွက် အမှန်တကယ် အချိန်တိုအတွင်းမှာ ဖွံ့ဖြိုးတိုးတက်နိုင်မှာ ဖြစ်ပါတယ်။ သို့သော်လည်း လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေအရ ခွင့်ပြုထားတဲ့ ဘောင်အတွင်းမှာ ကျနော်တို့က ဆောင်ရွက်ရတဲ့အခါကျတော့ မိမိတို့ စိတ်ဆန္ဒရှိသလို အကောင်အထည်ဖော်ချင်သလို ဆောင်ရွက်ပိုင်ခွင့် မရှိတဲ့ အနေအထားမျိုးတွေကို ကြုံတွေ့နေရပါတယ်။ ပြောချင်တာက လက်ရှိအခြေခံဥပဒေဟာ မဖြစ်မနေ ကျွန်တော်တို့ နိုင်ငံသစ်တည်ဆောက်တဲ့အချိန်မှာ မဖြစ်မနေ ပြင်ဆင်ဖို့ လိုအပ်နေပြီဆိုတာကို မိဘပြည်သူများကို အသိပေးတင်ပြလိုပါတယ်။” ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ၄ နှစ်တာကာလအတွင်းမှာ ကြယ်ပွင့်ပြမေးခွန်း ၁၆၀၁ ခု၊ ကြယ်ပွင့်မပြ ၆၇၀၊ အဆို ၂၇ ခု၊ မဲခွဲဆုံးဖြတ်မှုအကြိမ်ရေ ၁၄ ကြိမ်၊ ဥပဒေပြင်ဆင်မှု ၂ ခု၊ အသစ် ၈ ခု၊ ပယ်ဖျက် ၆ ခုရှိပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024