Home
မြန်မာသတင်း
ကြေးနီစီမံကိန်းကို ဆက်လက်လုပ်ဆောင်သင့်ဟု ကော်မရှင်အကြံပြု
အေးနိုင်
·
March 12, 2013
လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကို အစီအမံတွေချမှတ်ပြီး ဆက်လက်လုပ်ဆောင်စေဖို့ စုံစမ်းစစ်ဆေးရေးကော်မရှင်က အကြံပြုတင်ပြလိုက်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်က နိုင်ငံတော်သမ္မတဦးသိန်းစိန်ထံ စီမံကိန်းနဲ့ ပတ်သက်လို့ ရွေးချယ်နိုင်မယ့် နည်းလမ်း ၃ သွယ်ကို တင်ပြခဲ့တဲ့အနက် တခုကို လုပ်ဆောင်သင့်တယ်လို့ အကြံပြုတင်ပြလိုက်တာဖြစ်ပါတယ်။ မတ်လ ၁၁ ရက်နေ့မှာ တင်သွင်းခဲ့တဲ့ အစီရင်ခံစာမှာ ဒီစီမံကိန်းဟာ စီးပွားရေးအရ တွက်ခြေကိုက်ပေမယ့် အနာဂတ်မျိုးဆက်တွေအတွက် အကျိုးကျေးဇူးရှိဖို့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုများ ကျင့်သုံးဖို့ လိုအပ်တယ်လို့ အစချီပြီး နည်းလမ်း ၃ သွယ်ကို ကော်မရှင်က တင်ပြခဲ့တာကို ဒီကနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေက ဖော်ပြပါတယ်။ နည်းလမ်း ၃ သွယ်အနက် ပထမနည်းလမ်းကတော့ လက်ရှိအတိုင်း စီမံကိန်းကို ဆက်လက်လုပ်ကိုင်စေမယ့်နည်းလမ်း၊ ဒုတိယနည်းလမ်းကတော့ ကြေးနီစီမံကိန်းကို ဆက်လက်လုပ်ဆောင်ခွင့်မပြုဘဲ ရပ်ဆိုင်းစေမယ့်နည်းလမ်း၊ တတိယနည်းလမ်းကတော့ ကြေးနီစီမံကိန်းနဲ့ ပတ်သက်လို့ လေ့လာတွေ့ရှိတဲ့ အားနည်းချက်တွေကို ပြုပြင်စေကာ နိုင်ငံတော်အကျိုးစီးပွား၊ ဒေသခံလူထုရဲ့အကျိုးစီးပွား၊ အနာဂတ်မျိုးဆက်တွေရဲ့ အကျိုးစီးပွားတွေကို ပြည့်ဝစွာရရှိစေဖို့ အစီအမံတွေချမှတ်ပြီး လုပ်ဆောင်ဖို့ ဖြစ်ပါတယ်။ စီမံကိန်းကို ဆက်အကောင်အထည်ဖော်မယ်ဆိုရင် လုပ်ဆောင်ရမယ့် အချက် ၆ ချက်ကိုလည်း ကော်မရှင်က အကြံပြုတင်ပြတဲ့ တင်ပြထားရာမှာ - နိုင်ငံတော်စီပွားရေးအကျိုးအမြတ်ကို လက်ရှိထက်ပိုရဖို့ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နဲ့ ၀မ်ပေါင်ကုမ္ပဏီတွေက သတ္တုတွင်းဝန်ကြီးဌာနနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုများနဲ့အညီ ဆောင်ရွက်ဖို့၊ ကြေးနီစီမံကိန်းမှာ သိမ်းတဲ့မြေတွေအတွက် မြေလျော်ကြေးကို ကာလတန်ဖိုးအတိုင်း ပြင်ဆင်တိုးပေးဖို့၊ သိမ်းတဲ့မြေတွေဟာကို လိုတဲ့ပမာဏထက် ပိုမပို ပြန်စစ်ဆေးပြီး ပိုတဲ့မြေတွေ ပြန်ပေးဖို့၊ လယ်ယာဆုံးရှူံးတဲ့ဒေသခံတွေအတွက် လူမှုရေး ကျန်းမာရေးလိုအပ်ချက်တွေကို ၀မ်ပေါင်ကုမ္ပဏီက ထိထိရောက်ရောက်ဆောင်ရွက်ဖို့ လက်ပန်းတောင်းတောင်ကြား တောရစင်္ကြန်ကျောင်းနေရာနဲ့ အဲဒီအပေါ်က ဗုဒ္ဓသာသနိက အဆောက်အဦတွေကို လုံးဝပျက်စီးထိခိုက်မှုမရှိဘဲ သင့်တော်တဲ့နေရာတခုကို ပြောင်းပေးဖို့ အကြံပြုတင်ပြထားပါတယ်။ စုံစမ်းစစ်ဆေးရေးကော်မရှင်က ဒီအတိုင်း လုပ်နေရာမှာ သဘာဝတ်ဝန်းကျင်နဲ့ လူမှုစီးပွားရေးဆိုင်ရာ သက်ရောက်မှု အကဲဖြတ်ဆန်းစစ်ချက်တွေ စနစ်တကျ မလုပ်ထားတဲ့အတွက် ထိခိုက်နိုင်ကြောင်း၊ ဒေသခံတွေအတွက် လူမှုစီးပွားဘ၀မြင့်အောင်၊ အလုပ်အကိုင်အခွင့်အလမ်း မဖော်ထားကြောင်း၊ ဒီစီမံကိန်းကနေ နိုင်ငံတော်အတွက် အကျိုးကျေးဇူးပိုရသင့်ကြောင်း၊ ဒါကြောင့် လက်ရှိအတိုင်း ဒီစီမံကိန်းကို ဆက်လက်လုပ်ကိုင်စေမယ့် နည်းလမ်းကိုတော့ မလုပ်သင့်ဘူးလို့ ပြောပါတယ်။ ရပ်ဆိုင်းစေမယ့်နည်းလမ်းကို ရွေးမယ်ဆိုရင်တော့ မြန်မာနိုင်ငံဟာ ခွင့်ပြုထားတဲ့ သဘောတူစာချုပ်ကို မလိုက်နာဘူးလို့ မြင်နိုင်ပြီး မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံလိုတဲ့ နိုင်ငံခြားသားတွေကို ရင်းနှီးလိုစိတ်လျော့သွားနိုင်ကြောင်း၊ ဒါ့အပြင် နှစ်နိုင်ငံဆက်ဆံရေး မပြေလည်မှုတွေ ပေါ်ပေါက်နိုင်တာတွေကြောင့် ကိုယ့်ဘက်က တဖက်သတ် မရပ်စဲသင့်ဘူးလို့ အကြံပြုထားပါတယ်။ စုံစမ်းစစ်ဆေးရေးကော်မရှင်က သမ္မတထံ အစီရင်ခံစာတင်ပြီးနောက် နေ့မဆိုင်းဘဲ သမ္မတဦးသိန်းစိန်က စုံစမ်းစစ်ဆေးရေးအစီရင်ခံစာအပေါ် အကောင်အထည်ဖော် ဆောင်ရွက်မယ့် ကော်မတီကို မတ်လ ၁၁ ရက်နေ့မှာပဲ ဖွဲ့စည်းတာဝန်ပေးခဲ့ပါတယ်။ အဲဒီ ၁၅ ဦးကော်မတီမှာ သမ္မတရုံးဝန်ကြီး ဦးလှထွန်းက ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌတွေအဖြစ် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဥက္ကဋ္ဌ ဦးသာအေးနဲ့ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး၊ အတွင်းရေးမှူးအဖြစ် သမ္မတရုံးဝန်ကြီး ဦးသန့်ရှင်း၊ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နဲ့ မြန်မာဝမ်ပေါင် ကုမ္ပဏီ၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ သာသနာရေးဝန်ကြီးဌာန၊ လည်/ဆည်ဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိန်းရေးနဲ့ သစ်တောဝန်ကြီးဌာနနဲ့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတွေက ၀န်ကြီးအဆင့်နဲ့ အရာရှိကြီးအဆင့်ပုဂ္ဂိုလ်တွေ ပါဝင်ပါတယ်။ လက်ပန်းတောင်းကြေးနီစီမံကိန်းကို ကနေဒါအခြေစိုက် အိုင်ဗင်ဟိုးကုမ္ပဏီနဲ့ အမှတ် (၁) သတ္တုတွင်းဝန်ကြီးဌာနတို့ ကနေဦးပိုင်းက ပူးတွဲလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ်မှာ ကနေဒါကုမ္ပဏီထွက်သွားပြီးတဲ့နောက် ၂၀၁၀ ခုနှစ်မှာ မြန်မာပြည်လာရောက်တဲ့ တရုတ်ဝန်ကြီးချုပ် ၀မ်ကြားပေါင်ရဲ့ခရီးစဉ်အတွင်း China North Industries Corp နဲ့ မြန်မာအစိုးရတို့ ကန်ထရိုက်ချုပ်ခဲ့တာပါ။ ဒီနောက် တရုတ်ဝမ်ပေါင်ကုမ္ပဏီနဲ့ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်တို့ ပူးတွဲလုပ်ဆောင်နေတာဖြစ်ပါတယ်။ ဆန္ဒပြပွဲတွေဖြစ်ပြီးနောက် လက်ပန်းတောင်းကြေးနီစီမံကိန်းနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ဖို့ လွှတ်တော်မှာ မနှစ်နိုဝင်ဘာလက အရေးကြီး အဆိုတင်သွင်းခဲ့ပြီး သမ္မတက ဖွဲ့စည်းပေးခဲ့တာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024