DVB Logo
Home
မြန်မာသတင်း
နာဂတိုင်းရင်းသားများသည် ချင်းမျိုးနွယ်စုတွင် မပါဝင်ဟုဆို
DVB
·
March 12, 2013
နာဂတိုင်းရင်းသားများသည် ချင်းမျိုးနွယ်စုတွင် မပါဝင်ဟုဆို
Donate to DVB

နာဂတိုင်းရင်းသားမျိုးနွယ်စုဟာ  သီးခြားမျိုးနွယ်စုသာဖြစ်ပြီး ချင်းတိုင်းရင်းသား မျိုးနွယ်စုကြီးထဲမှာ မပါဝင်ကြောင်း  နာဂတိုင်းရင်းသား ကိုယ်စားလှယ်တွေက ပြောဆိုလိုက်ပါတယ်။

ဖေဖော်ဝါရီ ၂၇ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ပြည်သူ့လွှတ်တော်ဆဌမပုံမှန်အစည်းအဝေးပွဲမှာ လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒု-ဝန်ကြီး ဦးဝင်းမြင့်က ကြယ်ပွင့်ပြမေးခွန်းကို လာရောက်ဖြေဆိုရာမှာ ချင်းမျိုးနွယ်စု ၅၃ စုမှာ နာဂမျိုးနွယ်စု ပါဝင်တယ်လို့ ဖြေဆိုသွားတာနဲ့ ပတ်သက်ပြီး နာဂလူမျိုးစုဝင်တွေက သတင်းစာရှင်းပွဲ ပြုလုပ်ပြီး ပြန်လည်တုံ့ပြန် ရှင်းလင်းခဲ့တာပါ။

[caption id="attachment_37304" align="alignright" width="297" caption="သတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ်"][/caption]

နာဂကျောင်းသားလူငယ်များအဖွဲ့ချုပ်(ရန်ကုန်)က ဥက္ကဋ္ဌ ဦးနော်အောင်ဆန်းက “တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို အထူး ဦးထိပ်ထားသောအားဖြင့် မြန်မာပြည်မှာရှိနေတဲ့ တိုင်းရင်းသားလူမျိုးစု အချင်းချင်းသည် တယောက်နဲ့ တယောက် စိတ်အနာတရမဖြစ်စေဘဲနဲ့ ဒါဟာ ကျနော်တို့ ချင်းလူမျိုးတွေကို အပြစ်တင်တာလည်း မဟုတ်ဘူး။ နာဂလူမျိုးတွေက မသိကျိုးကျွံပြုတာလည်း မဟုတ်ဘူး။ နိုင်ငံတော်အစိုးရက ဒါကို သိသိကြီးနဲ့ အလွယ်တကူ ထုတ်ပြန်ကြေညာခဲ့တဲ့အပေါ်မှာ ကျနော်တို့အနေနဲ့ ဒါကို အမြန်ပြုပြင်နိုင်ဖို့ ပြောပြခြင်းဖြစ်တယ်” လို့ ဆိုပါတယ်။

နန်းယွန်း၊ ခန္တီးနဲ့ လေရှီး မဲဆန္ဒနယ်တွေက လွှတ်တော်အမတ် ၃ ဦးက ပြည်သူ့လွှတ်တော်ဥက္ကဌကို ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပါရှိတဲ့အတိုင်း နာဂတိုင်းရင်းသားက သီးခြားမျိုးနွယ်စုတခုဖြစ်ကြောင်း စာရေးသားပေးပို့ထားကြောင်းနဲ့ နာဂလူမျိုးတွေရဲ့ သဘောထားတွေကိုလည်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။

နာဂတာဝန်ရှိသူတဦးက “နာဂကို ချင်းလူမျိုးထဲထည့်ထားတဲ့အပေါ်မှာ ကျနော်တို့က ချင်းမဖြစ်ချင်လို့ မဟုတ်ပါဘူး။ တကယ့် သမိုင်းအကြောင်းအမှန်ကို ကျနော်တို့က သိချင်လို့။ သမိုင်းကြောင်းရဲ့ အမှန်ထဲမှာ အမှန်တရားကိုဖော်ထုတ်ချင်လို့ ဒီနေ့ သတင်းစာရှင်းလင်းပွဲပြုလုပ်တာပါ” လို့ ပြောပါတယ်။

ဒီသတင်းစာရှင်းလင်းပွဲကို ရွှေဂုံတိုင် ယုဇနဟိုတယ်မှာ မတ် ၁၁ ရက်နေ့က ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

နာဂတိုင်းရင်းသားတွေဟာ မြန်မာနိုင်ငံ မြောက်ဘက် နာဂတောင်တန်းဒေသတွေမှာ နေထိုင်ကြပြီး ထင်ရှားတဲ့ မျိုးနွယ်စုတွေကတော့ နောက်ကော်နာဂ၊ ထန်ဂန်နာဂ၊ ဟေမြဲနာဂ၊ ရန်ပန်နာဂ၊ ပါရာနာဂ၊ ခေါင်ဆိုင်နာဂ၊ ရာရာနာဂ၊ ရာစုနာဂနဲ့  မက်ဝုယားနာဂတို့ဖြစ်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013