လှိုင်သာယာလုယက်မှု ခုခံသူဘက်မှ ကူညီပေးမည်ဟု လွှတ်တော်ကိုယ်စားလှယ်ပြော
DVB
·
February 22, 2020
လှိုင်သာယာမှာ လုယက်သူတွေကို သေအောင်အထိပြန်ပြီး ခုခံခဲ့တဲ့ ကိုမျိုးသက်လွင်ကို ဥပဒေရေးရာ အကူအညီပေးဖို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ဒီနေ့သွားရောက်တွေ့ဆုံခဲ့ပါတယ်။
ဖေဖော်ဝါရီ ၁၉ ရက်နေ့က လှိုင်သာယာမှာ သမီးရည်းစားတွေ့ဆုံနေတုန်း လူ ၂ ယောက် ရောက်လာပြီး ဖုန်းနဲ့ငွေတွေတောင်းခဲ့သလို ကောင်မလေးကို ရိုက်နှက်ခဲ့တာကြောင့် ကိုမျိုးသက်လွင်က လုယက်သူတွေကို လုံးထွေးသတ်ပုတ်ရင်း လုယက်သူ ၂ ယောက်လုံး သေဆုံးခဲ့ပါတယ်။
အခင်းဖြစ်ပြီး သိပ်မကြာခင် ကိုမျိုးသက်လွင်ကို ရဲက ဖမ်းဆီးခဲ့ပြီး လူသတ်မှုနဲ့ အမှုဖွင့် ရဲစခန်းမှာ ချုပ်နှောင်ထားတာပါ။
လှိုင်သာယာမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးတင်ဇော်ထွေးက “ကျနော်တို့ရဲ့ ဥပဒေအထောက်အကူပြုကော်မတီကနေ ဘာတွေ ကူညီနိုင်မလဲ၊ အချုပ်ကျနေတုန်းမှာရော ဘာတွေ လိုအပ်လဲဆိုတာမေးတာပါ။ စားသောက်ရေးကိုတော့ မြို့နယ်ရဲမှူးက စီစဉ်ပေးထားတယ် ပြောပါတယ်။ ဒါပေမယ့် သူ့ဒဏ်ရာတွေကို တခြားသူတွေ ထိမှာစိုးလို့ အချုပ်ထဲမှာ မနေချင်ဘူးလို့ ပြောတယ်”
ကိုမျိုးသက်လွင်ရဲ့ မိဘတွေနဲ့ သူ့ရဲ့ ရည်းစားတို့ကလည်း ဒီမနက်မှာပဲ လှိုင်သာယာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ရုံးကို ရောက်လာသေးတယ်လို့ ဆိုပါတယ်။
ကိုမျိုးသက်လွင်ဟာ FAME ဆေးဝါကုမ္ပဏီက လုပ်သက်ရင့်ဝန်ထမ်းဖြစ်ပြီး ကုမ္ပဏီတာဝန်ရှိတဲ့ သူတွေကလည်း လိုအပ်တာတွေ ကူညီမယ်လို့ ပြောထားကြောင်း ဦးတင်ဇော်ထွေးက ဆိုပါတယ်။
“ကုမ္ပဏီကလည်း ရှေ့နေငှားဖို့ လိုအပ်တာတွေကအစ ကူညီမယ်ဆိုတော့ ကျနော်တို့ဘာတွေ လုပ်ပေးရမလဲဆိုတာ ညှိရမှာပေါ့။ သူ့ကို ကြည့်ရတာကတော့ လန်းလန်းဆန်းဆန်းပါပဲ။ ဒါပေမယ့် အချုပ်ထဲမှာနေရလို့ စိတ်ညစ်နေပုံရတယ်။ ဒဏ်ရာတွေက များပေမယ့် သွားနိုင်လာနိုင်တာကြောင့် ဆေးရုံမှာ မထားတာထင်တယ်။ သွားတော့ပြရမယ်လို့ပြောပါတယ်”
ဒီနေ့ သွားရောက်တွေ့ဆုံရာမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အန်အယ်လ်ဒီမြို့နယ်နဲ့ ခရိုင်တာဝန်ရှိသူတွေ ပါတယ်လို့လည်း သူက ပြောပါတယ်။