Home
မြန်မာသတင်း
ရာသီဥတုအကူးအပြောင်းကြောင့် မကွေးမြို့နယ် ရပ်ကွက်အချို့တွင် ဝက်သေဆုံးမှုများ ဖြစ်နေ
DVB
·
February 22, 2020
ရာသီဥတုအကူးအပြောင်းကြောင့် မကွေးမြို့နယ်အတွင်းရှိ အချို့နေရာတွေမှာ ဝက်တွေ သေဆုံးနေတယ်လို့ သိရပါတယ်။ မကွေးမြို့ပေါ်ရှိ အောင်မေတ္တာရပ်ကွက်၊ အောင်စေတနာရပ်ကွက်တွေအပြင် ချောင်းဖြူ၊ ဖလံရုံနဲ့ သင်္ဘောဆိပ်ကျေးရွာတွေမှာ မိသားစုတပိုင်တနိုင် ဝက်မွေးမြူရေးလုပ်သူတွေဟာ ရာသီဥတုအကူးအပြောင်းကြောင့် ဝက်သေဆုံးမှု များနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဖေဖော်ဝါရီ ဒုတိယပတ်အတွင်း ရာသီဥတုဟာ နေ့မှာပူပြင်းလာပြီး ညပိုင်း အေးတဲ့အတွက် ရာသီဥတုညီမျှမှုမရှိတာကြောင့် ဝက်တွေ ဆီးချုပ်ဝမ်းချုပ်ဖြစ်တာ၊ အန်တာ၊ ဝမ်းသွားတာတွေ ဖြစ်ပြီး သေဆုံးကြတာလို့ ဆိုပါတယ်။ အိမ်မှာမွေးမြူထားတဲ့ ဝက် ၁၁ ကောင် သေဆုံးခဲ့ပြီး ကျပ်သိန်း ၂၀ ကျော်ဖိုး ဆုံးရှုံးခဲ့တယ်လို့ မကွေးမြို့အောင်မေတ္တာ(ဘူတာအနီး)ရပ်ကွက်မှ ဝက်မွေးမြူရေးလုပ်ကိုင်သူ မစန်းအေးက ပြောပါတယ်။ သေဆုံးတဲ့ ဝက်တွေမှာ ဝက်အကြီး၊အလတ်၊ အသေး အရွယ်စုံ သေဆုံးမူဖြစ်ပွားပြီး သေဆုံးမှုအများစုမှာ ဝက်အကောင်ကြီးတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ အခုလိုဖြစ်တာ ဝက်အသေသား လာရောက်ရောင်းချသူတွေထံက တဆင့်ကူးစက်တာလို့ အောင်မေတ္တာက(က)အုပ်စုမှ ဝက်မွေးမြူရေးလုပ်ကိုင်သူ ဒေါ်ဖြူဖွေးက ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်တွေကလည်း အခုလို ဆောင်းအကုန် နွေအကူးကာလတွေမှာ ဝက်တွေ ရောဂါဝင်ဖြစ်ပေမဲ့ အသေအပျောက်မရှိဘဲ ဆေးကုသရုံနဲ့ ပျောက်ကင်းခဲ့ပြီး အခုနှစ်မှာ ဝက်တွေကို ဆေးကုသလည်း ရောဂါပျောက်ကင်းခြင်းမရှိဘဲ သေဆုံးမှု များနေတာလို့ သိရပါတယ်၊၊ ဝက်အပါအဝင် တိရစ္ဆာန်တွေ ကျန်းမာရေးမကောင်းတာဖြစ်ဖြစ်၊ အသေအပျောက်များတာဖြစ်ဖြစ် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနကို အကြောင်းကြားပေးဖို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို ဖုန်းနံပါတ်ပေးထားတယ်လို့ မကွေးမြို့နယ် မွေးမြူရေးနှင့်ကုသရေးဌာနမှမြို့နယ်ဦးစီးမှူး ဒေါက်တာဒေါ်လဲလဲ့မော်က ပြောပါတယ်။ “သေဆုံးဝက်သားတွေ စားသုံးသူတွေထံ ပြန်လည်ရောင်းချတာတွေရှိသလို စည်းကမ်း မဲ့လွှင့်ပစ်တာတွေရှိတယ်လို့လည်း ကြားသိရပါတယ်။ ဘာရောဂါကြောင့် သေဆုံးတယ်ဆိုတာ အတိအကျပြောနိုင်ဖို့ သေဆုံးဝက်တွေရဲ့ အသား၊ ကလီစာ နမူနာတွေလိုအပ်ပြီး ရောဂါကြောင့် သေဆုံးတဲ့ဝက်တွေကို ပြန်လည်ရောင်းချတာတွေ မပြုလုပ်ဘဲ စနစ်တကျ ကျင်းတူးပြီး မြေဖို့သင့်တယ်။” မကွေးမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှာ ရောဂါကြောင့် ဝက်သေဆုံးမှုအကောင်းရေစာရင်းမှာ ၃ ကောင်သာရှိနေပြီး ဆက်သွယ်သတင်းပေးအကြောင်းကြားမှုတွေ အားနည်းတယ်လို့ သိရပါတယ်။ ဝက်ခေါင်းပေါက်နှစ်လသားတကောင်ကို ၅၅၀၀၀ ကျပ်မှ ၇၀၀၀၀ ကျပ်အထိရှိပြီး ဝက်ကြီးတကောင်ကို ၁၅၀၀၀၀ မှ ၃၅၀၀၀၀ ကျပ်အထိစျေးရှိတယ်လို့ သိရပါတယ်။ တပိုင်တနိုင် ဝက်မွေးမြူသူတွေအနေနဲ့ အသေးစားချေးငွေယူကာ မွေးမြူရေးလုပ်ကိုင်ကြတာလို့ သိရပါတယ်။ တင်ရွှေ(မင်းဘူး)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024