နိုင်ငံတော်ကာကွယ်ရေးအတွက် ရခိုင်တွင် အင်တာနက် ပိတ်ထားခြင်းဖြစ်ဟု ဦးဇော်ဌေးပြော
DVB
·
February 22, 2020
နိုင်ငံတော်ကာကွယ်ရေးလိုအပ်ချက်အရ ရခိုင်ပြည်နယ်က မြို့နယ်အချို့မှာ အင်တာနက်အသုံးပြုခွင့် ပိတ်ထားတာလို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ အခု ဖေဖော်ဝါရီလအစောပိုင်းက မြို့နယ် ၄ မြို့နယ်ကို အင်တာနက်အသုံးပြုခွင့် ပိတ်လိုက်တာ အပါအဝင် မြို့နယ်ပေါင်း ၈ မြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့မှာ အင်တာနက်အသုံးပြုခွင့်ကို အစိုးရက ပိတ်ပင်ထားတာပါ။
ဒီလိုမျိုး ရခိုင်ပြည်နယ်အတွင်းက မြို့နယ်အချို့မှာ အင်တာနက်အသုံးပြုခွင့်ပိတ်ထားတာဟာ နိုင်ငံတော်ရဲ့ ကာကွယ်ရေး လိုအပ်ချက်အရ လုပ်ဆောင်ရတာလို့ ဆိုပါတယ်။
“အဓိကက တပ်မတော်က တင်ပြတယ်။ ပထမက ၉ မြို့နယ် တင်ပြတယ်။ ၉ မြို့နယ်အပေါ်မှာ အစိုးရက စိစစ်ပြီးတော့ ၅ မြို့နယ်၊ ပြီးရင် ပြန်ဖွင့်တာတွေရှိတယ်၊ ပြီးရင် ပြန်ပိတ်တာတွေရှိတယ်။ ဒါတွေက နိုင်ငံတော်ကာကွယ်ရေးလိုအပ်ချက်အရ၊ ဒီလိုလုပ်သင့်လုပ်ထိုက်တာကို နိုင်ငံတကာမှာလည်း လုပ်ပါတယ်။ အထူးသဖြင့် စစ်ရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့ အရေးကြီးတဲ့ အခါမျိုးမှာ လုပ်ဆောင်တာတွေရှိတယ်။ တဖက်ကလည်း လူ့အခွင့်အရေးဆိုင်ရာပေါ့နော်၊ ဒီလိုမျိုး Complain တွေကတော့ ရှိပါတယ်” လို့ ဦးဇော်ဌေးက ဖေဖော်ဝါရီ ၂၁ ရက်က နေပြည်တော်ရှိ သမ္မတအိမ်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
အခုနောက်ပိုင်းမှာ အေအေအနေနဲ့ ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်တာတွေ ပြုလုပ်လာသလို အာဆာအဖွဲ့ကလည်း ဝင်ရောက်တိုက်ခိုက်တဲ့ ဖြစ်စဉ်တွေ ဖြစ်လာတဲ့အတွက် ရခိုင်ပြည်နယ်အတွင်းက အခြေအနေတွေဟာ ပိုမိုရှုပ်ထွေးလာတယ်လို့ ဆိုပါတယ်။
“အခုပြန်ကြည့်လိုက်ရင် အဲ့ဒီမှာ အုပ်ချုပ်ရေး ယန္တရားဘယ်လောက် အခြေအနေဖြစ်သွားပြီလဲ၊ မီဒီယာတွေ အကုန်သိပါတယ်။ အုပ်ချုပ်ရေး ယန္တရားကို ပျက်ပြားအောင် ရည်ရွယ်ချက်ရှိရှိ လုပ်နေတဲ့ အနေအထားဖြစ်ပါတယ်။ အဲ့ဒီအပေါ်မှာ ICC တို့ ICJ တို့ နိုင်ငံတကာက စွပ်စွဲမှုတွေကလည်း အများကြီးရှိတယ်။ ဒီအပေါ်မှာ နိုင်ငံတကာက ပြောနေတာက အေအေက ဒီအနေအထားကို ရှုပ်ထွေးလာအောင် လုပ်ဆောင်တဲ့ အပိုင်းတွေ မပါပါဘူး။ လူ့အခွင့်အရေးက ကျနော်တို့လည်း နားလည်တယ်။ သို့သော်လည်းပဲ အချို့အပိုင်းတွေကြရင်တော့၊ ဒါဟာ အမြဲတမ်း ထာဝရ ပိတ်ထားမှာ မဟုတ်ဘူး” လို့ ဦးဇော်ဋ္ဌေးက ပြောပါတယ်။
အစိုးရအနေနဲ့ ရခိုင်ပြည်နယ်အတွင်း အမုန်းတရားဖြန့်ချိမှုအကြောင်းပြချက်နဲ့ ပုဏ္ဏကျွန်း၊ ကျောက်တော်၊ မြောက်ဦး နဲ့ မင်းပြားမြို့နယ်တွေမှာ အရင်ကတည်းက အင်တာနက်အသုံးပြုခွင့်ပိတ်ထားခဲ့ပြီး အခု ဖေဖော်ဝါရီ ၃ ရက်မှာတော့ နောက်ထပ် မြို့နယ် ၄ ခုဖြစ်တဲ့ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်နဲ့ မြေပုံမြို့နယ်တွေကို ထပ်မံပိတ်လိုက်တာ ဖြစ်ပါတယ်။
ဖြိုးသက်ပိုင်မြင့် (နေပြည်တော်)