ထိုင်းလူငယ်များကြားရေပန်းစားသည့် အနာဂတ်သစ်ပါတီ ဖျက်သိမ်းခံရ 

thairath.co
ပြီးခဲ့တဲ့ရွေးကောက်ပွဲက ထိုင်းတနိုင်ငံလုံးမှာ မဲဆန္ဒရှင် ဒုတိယအများဆုံးရပြီး လူငယ်တွေ ကြားရေပန်းစားတဲ့ Future  Forward ပါတီ (အနာဂတ်သစ်ပါတီ) ဖျက်သိမ်းဖို့ ဒီက‌နေ့ညနေပိုင်းမှာ ထိုင်းအခြေခံ ဥပဒေတရားရုံးက အမိန့်ချလိုက်ပါတယ်။ ပါတီဥက္ကဋ္ဌ သန်းကြွယ်သူဌေး ထနားထွဏ်း ကျင်ရုန့်ရိန်းကစ်ဟာ အနာဂတ်သစ်ပါတီကို ဘတ်သန်းပေါင်း ၁၉၁ သန်း ချေးငှားခဲ့တာဟာ တရားဥပဒေနဲ့ မညီညွတ်ကြောင်း အခြေခံဥပဒေခုံရုံးအဖွဲ့က စစ်ဆေးပြီးတဲ့နောက် ပြစ်ဒဏ်အနေနဲ့ ပါတီဖျက်သိမ်းဖို့ တရားရုံးက အမိန့်ချမှတ်ခဲ့ တာပါ။  ရွေးကောက်ပွဲဥပဒေအရ နိုင်ငံရေးပါတီတွေဟာ ပါတီအတွက် အလှူငွေတွေကို တနှစ်ဘတ် ၁၀ သိန်းထက်ပိုပြီး လက်ခံခွင့်မရှိကြောင်း၊ အဆိုပါ အလှူငွေတွေဟာလည်း တရားသဖြင့်ရရှိလာတဲ့ငွေ ဖြစ်ရမယ်လို့ တရားသူကြီးက ဖတ်ကြားပါတယ်။  အနာဂတ်သစ်ပါတီဥက္ကဋ္ဌ နိုင်းထနားထွဏ်းဟာ မိမိပါတီလုပ်ငန်းမှာ သုံးစွဲဖို့ ပါတီကို ဘတ်ငွေသန်းပေါင်း ၁၉၁ သန်းချေးထားတာဟာ ပါတီပေါ်မှာ ဩဇာလွှမ်းမိုးနိုင်ကြောင်း၊ ပါတီဝင်တွေရဲ့ လွတ်လပ်စွာစစ်ဆေးဝေဖန်ခွင့်ကို အဟန့်အတားဖြစ်စေကြောင်း၊ ပါတီဥက္ကဋ္ဌအနေနဲ့ မိမိငွေချေးထားတဲ့ ပါတီကို အသုံးချပြီး ပုဂ္ဂိုလ်ရေး အကျိုးအမြတ်တွေရယူနိုင်တဲ့အတွက် ဒီမိုကရေစီနည်းနဲ့ မကိုက်ညီကြောင်း၊ ဒါကြောင့် ပါတီဥက္ကဋ္ဌက မိမိပါတီအား ငွေများချေးငှားတာဟာ တရားဥပဒေနဲ့ မညီညွတ်ဘူးလို့ တရားသူကြီးက ပုဒ်မတွေနဲ့ ထောက်ပြသွားပါတယ်။  အနာဂတ်သစ်ပါတီရဲ့ ချေးငွေကိစ္စပေါ်စစ်ဆေးဖို့ ထိုင်းအခြေခံဥပဒေ ကာကွယ်စောင့်ရှောက်ရေးအသင်း အထွေထွေအတွင်းရေးမှူး နိုင်းဆီဆူဝမ်း ကျရယားက ရွေးကောက်ပွဲကော်မရှင်ကို တင်ပြပြီး ရွေးကောက်ပွဲကော်မရှင်က တရားလိုပြု တိုင်တန်းထားတာပါ။  အနာဂတ်သစ်ပါတီခေါင်းဆောင်နဲ့ ပါတီဝင်တွေကတော့ ဒီကနေ့တရားရုံးကို မသွားဘဲ သူတို့ပါတီဌာနချုပ်မှာ တရားသူကြီးရဲ့အဆုံးအဖြတ်ကို စောင့်ဆိုင်းနေခဲ့ကြပါတယ်။  အဆိုပါ ပါတီဌာနချုပ်မှာ ပြည်သူတွေထောင်ချီ လာရောက်စောင့်ဆိုင်းအားပေးခဲ့ကြပြီး ပါတီတာဝန်ရှိသူတွေရဲ့ ထုတ်ပြန်ကြေညာချက်ကို စောင့်ဆိုင်းနေကြပါတယ်။  အနာဂတ်သစ်ပါတီတာဝန်ရှိသူတွေဟာ ဒီညနေ ဒေသစံတော်ချိန် ၅ နာရီ ၄၀ မိနစ်မှာတော့ သတင်းစာရှင်းပွဲလုပ်ဖို့ ပြင်ဆင်နေကြပါတယ်။  ဒီမတိုင်ခင်ကတော့ ပါတီက ငွေချေးတာကို ဘယ်ကပဲ ချေးချေး၊ ချေးငွေကို ချေးငွေအဖြစ်နဲ့သာ ရှင်းရှင်းမြင်ရင် ဘာပြဿနာမှမရှိကြောင်း၊ ပါတီ ဖျက်သိမ်းခံရတယ်ဆိုရင် နောက်ဆုတ်မှာမဟုတ်ဘဲ ပိုပြီးအင်အားကြီးအောင် တည်ဆောက်သွားမယ်လို့ ပါတီအထွေထွေအတွင်းရေးမှူး နိုင်းပီယပုတ် ဆိုင်ကနုတ်ကွန်းက ထိုင်းရတ်သတင်းဌာနမှာ ပြောထားပါတယ်။  ပြီးခဲ့တဲ့နှစ် ၂၀၁၈ ခုနှစ်က ခေတ်လူငယ် ပညာတတ်အများစုပါဝင်ပြီး ထူထောင်ခဲ့ တဲ့ အနာဂတ်သစ်ပါတီဟာ ၂၀၁၉ ထိုင်းရွေးကောက်ပွဲမှာ လက်ရှိစစ်အစိုးရ ပါတီပြီးရင် ဒုတိယရေပန်းစား မဲအများဆုံးရထားပါတယ်။ ပါတီဥက္ကဋ္ဌ နိုင်းထနားထွဏ်းမှာလည်း လက်ရှိ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရယုတ်ကျန်အိုးချားနဲ့ ပြိုင်ဘက်ဝန်ကြီးချုပ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်အရွေးခံခဲ့ပါတယ်။  အနာဂတ်သစ်ပါတီခေါင်းဆောင် ထနားထွဏ်းဟာ မော်တော်ကားအပိုပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်းရှင် ဘတ်သန်းပေါင်း သောင်းနဲ့ချီ ချမ်းသာတဲ့ သူဌေးကြီးဖြစ်ပါ တယ်။  သူတို့ပါတီဟာ စစ်အုပ်ချုပ်ရေးစနစ်ကို ဆန့်ကျင် ဝေဖန်တာကြောင့် ပါတီတည်ထောင်ကတည်းက ပါတီခေါင်းဆောင်တွေဟာ ဘုရင့်နန်းတော် အကြည်ညိုပျက်အောင်လုပ်မှု၊ ပါတီခေါင်းဆောင်မှ စီးပွားရေးကင်းရှင်းကြောင်းပြဖို့ သူ့ရဲ့လုပ်ငန်းတွေကို အချိန်မီလွှဲအပ်ခြင်း မပြုမှု ထိုင်းမှ ာရွေးကောက်ပွဲလုပ်ပေးဖို့ ကျောင်းသားတွေ ဆန္ဒပြစဉ် အားပေးကူညီမှု အစရှိတဲ့  အမှုအမျိုးမျိုး စွဲချက်တင်ခံရပြီး တရားရုံး အကြိမ်ကြိမ်တက်ခဲ့ရပါတယ်။  အထက်ပါအမှုတွေကို ရင်ဆိုင်အောင်မြင်ခဲ့ပေမယ့် ဒီချေးငွေကိစ္စမှာ အမှုရှုံးနိမ့်ပြီး ပါတီဖျက်သိမ်းခံခဲ့ရတာ ဖြစ်ပါတယ်။  ကိုးကား - ThaiPBS / MCOT/ Thairath 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up