ရန်ကုန်မြို့ ခရီးသွားဝင်ရောက်မှု ၅၃ ရာခိုင်နှုန်းအထိ ကျဆင်း
သူဇာလင်း
·
February 21, 2020
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရန်ကုန်မြို့ကို ခရီးသွားဝင်ရောက်မှု ၅၃ ရာခိုင်နှုန်းအထိ ကျဆင်းသွားတယ်လို့ ဒေသဆိုင်ရာခရီးသွားကော်မတီရဲ့ အတွင်းရေးမှူး နော်ပန်းသဉ္ဇာမျိုးက ပြောပါတယ်။
တရုတ်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရောဂါကြောင့် နိုင်ငံအများစုမှာ ခရီးသွားဝင်ရောက်မှု ကျဆင်းခဲ့ပြီး မြန်မာနိုင်ငံလည်း ပါဝင်ခဲ့ပါတယ်။
ဒါ့အပြင် တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံပြေးဆွဲနေတဲ့ လေကြောင်းလိုင်း ၁၃ လိုင်းကနေ နေ့စဉ် ခရီးစဉ် ၁၀ ခေါက်ပြေးဆွဲခဲ့ပါတယ်။ ဒါ့ပေမယ့် ကိုရိုနာဗိုင်းရပ်ကြောင့် လက်ရှိပြေးဆွဲနေတဲ့ တရုတ်လေကြောင်းလိုင်းတွေကို ဇန်နဝါရီလ နောက်ဆုံးအပတ်ကစပြီး ရပ်နားထားခဲ့ပါတယ်။
ဒါ့ကြောင့် တရုတ်လေကြောင်းလိုင်းတွေ ရပ်နားချိန်ချိန်ကတည်းကစပြီး ရန်ကုန်မြို့ကို ဝင်ရောက်တဲ့ ပြည်ပခရီးသွားဧည့်သည် ၅၃ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး တရုတ်ခရီးသွားကတော့ ၃၇ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့တယ်လို့ ဖေဖော်ဝါရီ ၂၁ ရက်နေ့က ကျင်းပတဲ့ ဒေသဆိုင်ရာခရီးသွားကော်မတီက မီဒီယာတွေနဲ့ တွေ့ဆုံပွဲမှာ ကရင်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ၊ ဒေသဆိုင်ရာခရီးသွားကော်မတီဝင် နော်ပန်းသဉ္ဇာမျိုးက ပြောကြားခဲ့တာပါ။
လက်ရှိမှာတော့ ကိုရိုနာဗိုင်းရပ်ရောဂါဖြစ်ပွားနေတဲ့အခြေအနေကြောင့် မြန်မာနိုင်ငံကို လာရောက်လည်ပတ်မယ့် တရုတ်ခရီးစဉ်တွေကို မတ်လအကုန်အထိ ရပ်နားထားပါတယ်။
ဇန်ဝါရီ ၂၀ ရက်ကနေ ၂၄ ရက်နေ့အထိ လေကြောင်းလိုင်း ၅ ရက်အတွင်း ဆိုက်ရောက်ဗီဇာနဲ့ ဝင်ရောက်လာတဲ့ ပြည်ပခရီးသွားဧည့်သည်က အယောက် ၂၈၀၀ သာရှိခဲ့ပြီး တရုတ်ခရီးသွားကတော့ ၆၃၀၀ နီးပါးရှိခဲ့တယ်လို့ ပြောပါတယ်။
ဒါ့အပြင် ဇန်နဝါရီ ၂၅ ရက်ကနေ ၂၉ ရက်နေ့အထိ တရုတ် ၄၀၀၀ နီးပါး ဝင်ရောက်ထားပြီး နိုင်ငံတကာ ခရီးသွားက အယောက် ၁၃၀၀ သာ ရှိခဲ့တယ်လို့ ဆိုပါတယ်။
၂၀၁၉ ခုနှစ်အတွင်းမှာ ရန်ကုန်တိုင်းကို ပြည်ပခရီးသွားဧည့်သည် အယောက် ၁ သန်းကျော် ဝင်ရောက်ထားပြီး အဲဒီအထဲမှာ တရုတ်ခရီးသွားက အယောက် ၃ သိန်းခွဲနီးပါး ဝင်ရောက်ထားပါတယ်။