ကျောက်ဖြူ-ရန်ကုန်ကားလမ်းတွင် တပ်မတော်ယာဉ်တန်း ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရ
DVB
·
February 21, 2020
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်ဆောက်ကျေးရွာအနီးရှိ ကျောက်ဖြူ-ရန်ကုန် ကားလမ်းမပေါ်မှာ ဖေဖော်ဝါရီ ၂၀ ရက်နေ့က တပ်မတော်ယာဉ်တန်း နှစ်ကြိမ်တိုင် မိုင်းဆွဲတိုက်ခိုက်ခံရပြီး ကားတစ်စီးထိခိုက်ပျက်စီးခဲ့တယ်လို့ ကျောက်ဆောက်ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
ကျောက်ဆောက်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးနိုင်နိုင်ချေက “မနက် ၈ နာရီ ဝန်းကျင်မှာ ပထမ တပ်မတော်ကကား နှစ်စီးလို့ပြောတယ်။ သရက်တောင်မော်ဦးကို ရောက်တဲ့အခါ နောက်ကတစ်စီးက မိုင်းထိတယ်လို့ပြောတယ်။ လူတွေတော့ ထိခိုက်ဒဏ်ရာ မရှိဘူးပေါ့။ နောက် ၉ နာရီဝန်းကျင်လောက်မှာ ကျနော်တို့ အိမ်နားက ကားဆရာဦးမောင်ထွန်းရဲ့ကား စနဲက ပြန်လာတဲ့ အချိန်မှာ ပိန္နဲတောင်ကို တပ်မတော်သား နှစ်ဦးက လိုက်ပို့ပေးဆိုပြီး လိုက်ပို့ပေးတဲ့အချိန်မှာ တစ်လုံး ထပ်ပေါက်တယ်လို့ပြောတယ်။ စုစုပေါင်း ၂ လုံးပေါက်တယ်။ မိုင်းပေါက်ပြီးတော့ ငှက်ပျောဖူးလိုဟာနဲ့ နှစ်ကြိမ် သုံးကြိမ်လောက် တောင်ကုန်းကို ရမ်းပြီးတော့ ပစ်ခတ်ခဲ့တယ်လို့ ပြောတယ်။ ပြီးရင် ၅ မိနစ်လောက်အကြာမှာ ကျနော်တို့ရွာက ပစ္စတိုနဲ့ပစ်တာကိုလည်း ကြားလိုက်ရတယ်”လို့ ပြောပါတယ်။
အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး ရမ်းဗြဲမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းလင်းအောင်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာမှာတော့ ဘာအသံမှမကြားဘူးလို့ပြောပါတယ်။
အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်ပြီးပိုမိုသိရှိနိုင်ဖို့ ရမ်းဗြဲမြို့မရဲစခန်းမှူး ဒုရဲမှူးမောင်မောင် ကို ဆက်သွယ်မေးမြန်းရာမှာလည်း ဖြစ်ပွားတာ မကြားသိရဘူးလို့ ပြောပါတယ်။
အဆိုပါတပ်မတော်ယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ဖို့ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးဝင်းဇော်ဦးကို မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။
တပ်မတော်နဲ့ အေအေရခိုင်လက်နက်ကိုင်အဖွဲ့တွေအကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲကာလအတွင်း ကျောက်ဖြူ-ရန်ကုန်ကားလမ်းပေါ်မှာ မကြာခဏဆိုသလို တပ်မတော်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်တာတွေ ရှိနေတာဖြစ်ပါတယ်။
သတင်း- နောင်နောင်