DVB Logo
Home
မြန်မာသတင်း
အန်အယ်လ်ဒီဥက္ကဋ္ဌအဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို တခဲနက်ပြန်ရွေးချယ်
DVB
·
March 10, 2013
အန်အယ်လ်ဒီဥက္ကဋ္ဌအဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို တခဲနက်ပြန်ရွေးချယ်
1 / 2
Donate to DVB

ဒီကနေ့ကျင်းပတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံကနေ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ၁၅ ဦးကို ရွေးချယ်လိုက်ပြီး ဥက္ကဋ္ဌအဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို တင်မြှောက်လိုက်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံလုံးဆိုင်ရာ ညီလာခံ နောက်ဆုံးနေ့ဖြစ်တဲ့ မတ် ၁၀ ရက်နေ့မှာ ညီလာခံက ဗဟိုအလုပ်အမှုဆောင် ၁၅ ဦး၊ အရန် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ၅ ဦးနဲ့ ပါတီဥက္ကဋ္ဌအဖြစ်   ဒေါ်အောင်ဆန်းစုကြည်ကို ကန့်ကွက်သူမရှိ ရွေးချယ် တင်မြှောက်လိုက်ကြပါတယ်။
ဒီကနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပထမအကြိမ် ဗဟိုကော်မတီအစည်းအဝေးမှာ ပါတီရဲ့ ဥက္ကဋ္ဌအဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို တင်မြှောက်ဖို့ ဗဟိုကော်မတီဝင်တဦးက အဆိုပြုခဲ့ရာမှာ ဗဟိုကော်မတီဝင် ၄ ဦးက ထောက်ခံဆွေးနွေးပြီးနောက် သဘာပတိက ဆန္ဒတောင်းခံရာမှာ ကန့်ကွက်သူမရှိ တခဲနက်ထောက်ခံခဲ့ကြပါတယ်။

ဒီနောက် ဒေါ်အောင်ဆန်းစုကြည်က ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်အသစ်ကို သူ ရွေးချယ်လျာထားပြီး ဗဟိုကော်မတီထံ တင်ပြမှာဖြစ်ကြောင်း ခွင့်ပြုချက်တောင်းခံရာမှာ သဘောတူညီချက်ရပါတယ်။
ဒီနောက် ဒေါ်အောင်ဆန်းစုကြည်ဟာ ဗဟိုအလုပ်အမှုဆောင်ဟောင်းတွေနဲ့ အစည်းအဝေးထိုင်ပြီး ညီလာခံက ရွေးချယ်ထားတဲ့ ဗဟိုကော်မတီဝင်တွေထဲက ဗဟိုအလုပ်အမှုဆောင် ၁၅ ဦးနဲ့ အရန်ဗဟိုအလုပ်အမှုဆောင် ၅ ဦးကို ရွေးချယ်ခဲ့ပါတယ်။

ဒီနောက် လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ဆောင်ရာမှာ ဗဟိုကော်မတီဝင်အစည်းအဝေးနဲ့ ညီလာခံမှာပါ ကန့်ကွက်သူမရှိ တခဲနက်ထောက်ခံမှုရခဲ့လို့ အတည်ပြုခဲ့ပါတယ်။

အဲဒီ ဗဟိုအလုပ်အမှုဆောင် ၁၅ ဦးမှာ ဒေါ်အောင်ဆန်းစုကြည် (ဥက္ကဋ္ဌ)၊ အဖွဲ့ဝင်တွေကတော့ ဦးဥာဏ်ဝင်း၊ ဦးဟံသာမြင့်၊ ဦးအုန်းကြိုင်၊ ဦးဝင်းမြင့်၊ ဦးထွန်းထွန်းဟိန်၊ ဒေါက်တာဒေါ်မေ၀င်းမြင့်၊ ဦးဝင်းထိန်၊ ဒေါက်တာ ဦးဇော်မြင့်မောင်၊ ဒေါက်တာဦးအောင်မိုးညို၊ ဒေါက်တာ ဒေါ်ခင်ဌေးကြွယ်၊ ဒေါ်နန်းခင်ထွေးမြင့်၊ ဦးကျော်ခင်၊ ဦးညီပု နဲ့ ဒေါက်တာဦး မျိုးအောင်တို့ ဖြစ်ပါတယ်။
အရန်ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တွေကတော့ ဦးမန်းဂျော်နီ၊ ဒေါက်တာ သိန်းလွင်၊ ဦးအောင်စိုး၊ ဦးဇိုဘွဲနဲ့ ဒေါ်ဖြူဖြူသင်း တို့ကို ရွေးချယ်ခဲ့ကြပါတယ်။

ပါတီရဲ့ သဘာပတိတွေအဖြစ် ဦးတင်ဦး၊ ဦးဝင်းတင်၊ ဦးသန်းထွန်း၊ ဦးလှဖေ၊ ဦးကျော်ခိုင် (ရခိုင်)၊ နိုင်သောင်းညွှန့် (မွန်) နဲ့ ဦးသိန်းတန် (မန္တလေး) တို့ကို ရွေးချယ်ပြီး ပါတီရဲ့ နာယကအဖြစ် ဦးတင်ဦးကို ရွေးချယ်တင်မြှောက်ခဲ့ကြပါတယ်။

ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်သစ်တွေကို ဘယ်လိုမူတွေနဲ့ အဆိုပြုရွေးချယ်ခဲ့တာ ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းမှာ ထည့်ပြောပါတယ်။

“ဗဟိုအလုပ်အမှုဆောင်တွေကို ဘယ်လိုမူတွေနဲ့ ရွေးချယ်ခဲ့တယ်ဆိုတာကိုတော့ ကျမ ရှင်းပြဖို့ လိုမယ်ထင်ပါတယ်။ အဓိကအားဖြင့် အချက် ၃ ချက် ပေါ်မှာအခြေခံပါတယ်။ တချက်က ကျမတို့ဟာ အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ်ကို ဆက်နွှယ်မှုရှိရမယ်။ ကျမတို့ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ တစိုက်မတ်မတ်လုပ်လာတဲ့ ပုဂ္ဂိုလ်ကြီးများဟာ အချိန်ကာလတခုထိ ဆက်ပြီး တာဝန်တွေ ထမ်းဆောင်သွားဖို့လိုတယ်။ နောက်တခုက အဖွဲ့ချုပ်ရဲ့အလုပ်တွေကို ပီပီပြင်ပြင်လုပ်နိုင်ဖို့အတွက်၊ ကျမတို့အဖွဲ့ချုပ်ရဲ့ အလုပ်ဆိုတာ ပြည်သူနဲ့ တိုင်းပြည်အတွက် အလုပ်တွေကို ပီပီပြင်ပြင်လုပ်နိုင်ဖို့ အရည်အချင်းပြည့်စုံတဲ့ အဖွဲ့ဝင်တွေလိုအပ်မယ်လို့ သတ်မှတ်ပါတယ်။ ဒီထဲမှာ တတ်နိုင်သမျှ တိုင်းရင်းသားလူမျိုးစုများ ပါဝင်ရေးနဲ့ အမျိုးသမီးများပါဝင်ရေးနဲ့ မျိုးဆက်သစ်လူငယ်တွေ ပါဝင်ရေးကိုလည်း စဉ်းစားပြီး ဆုံးဖြတ်ပါတယ်။”

ပါတီအလုပ်အမှုဆောင်ကော်မတီမှာ ဥက္ကဋ္ဌ အဖြစ်သာ ရွေးချယ်ပြီး အတည်ပြုရသေးပေမယ့် ကျန် ရာထူးတာဝန်တွေကိုတော့ မရွေးချယ်နိုင်သေးဘဲ လာမယ့် ဧပြီလ ဗဟိုကော်မတီအစည်းအဝေးကျမှ ရွေးချယ်တင်မြှောက်သွားမယ်လို့ ဦးအုန်းကြိုင်က ပြောပါတယ်။

“ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးအပြီးမှာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ပထမအကြိမ် အစည်းအဝေးကျင်းပပြီးတော့ တာဝန်ခွဲဝေမှုများနဲ့ ရှေ့လုပ်ငန်းစဉ်များကို စဉ်းစားပါတယ်။ တာဝန်ခွဲဝေမှုလုပ်ငန်းကတော့ အဖွဲ့ချုပ်ဥက္ကဋ္ဌသစ်ကလည်း အရေးကြီးတဲ့ တာဝန်နဲ့ နေပြည်တော်ကို ခရီးထွက်ဖို့ရှိနေလို့ တာဝန်ခွဲဝေမှုကို ဧပြီလအတွင်းမှာလုပ်မယ့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှာ ဆောင်ရွက်မယ်လို့ ရွှေ့ဆိုင်းလိုက်ပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013