DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်သူများ လိုင်ဇာအနီး တားမြစ်ခံရ
DVB
·
March 10, 2013
ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်သူများ လိုင်ဇာအနီး တားမြစ်ခံရ
Donate to DVB

ပြည်တွင်း ငြိမ်းချမ်းရေးအတွက် ချီတက်လမ်းလျှောက်တဲ့အဖွဲ့တွေဟာ လိုင်ဇာဌာနချုပ်အနီးက ဒေါ့ဖုန်းယံမြို့တွင်းမှာ မြန်မာ့တပ်မတော်က တားမြစ်ထားတာကြောင့် ဆက်သွားနိုင်ဖို့ မြစ်နံဘေးမှာ အစာအငတ်ခံ ဆန္ဒပြနေကြပါတယ်။

ဒီအဖွဲ့ဟာ မနေ့မနက်ပိုင်းက ဒေါ့ဖုန်းယန်ကနေ ထွက်ခွာခဲ့တာဖြစ်ပြီး မွန်းလွဲပိုင်းမှာ တပ်မတော်လဂျားယန် စခန်းနဲ့ ကေအိုင်အိုထိန်းချုပ်တဲ့ လိုင်ဇာမြို့အကြားမှာရှိတဲ့ မိုးလဲချောင်းတံတားနေရာကို ရောက်ရှိခဲ့ကြပါတယ်။ အဲဒီနေရာဟာ လွန်ခဲ့တဲ့ လပိုင်းက နှစ်ဖက်တိုက်ပွဲတွေဖြစ်ခဲ့တာကြောင့် မိုင်းတွေထောင်ထားတာကို အကြောင်းပြုပြီး ဆက်မသွားဖို့ တားမြစ်ခဲ့တာပါ။

မနေ့ကတော့ သူတို့ဟာ အဲဒီမြစ်နဘေးမှာပဲ အိပ်ခဲ့ကြတယ်လို့ ဆန္ဒပြပွဲမှာ ဦးဆောင်သူ ဦးသန့်ဇင်က ပြောပါတယ်.။
“စစ်တပ်က တားထားတာ မိုးလဲချောင်း တံတားထိပ်မှာ။ နေ့ခင်း ၁ နာရီ ၂၅ လောက်ကတည်းက တံတားထိပ်ကို ရောက်ပြီး အတားခံနေရတာပေါ့။ အမိုးလည်းမရှိဘူး။ အကာလည်း မရှိဘူး။ မြစ်ဘေးမှာပေါ့။ နေ့ခင်းက စပြီး သံဃာ ၉ ပါးက ဆွမ်းဘုန်းကပ်တယ်။ အဲဒီထဲက ၈ ပါးက ဘုန်းပေးတယ်။ သံဃာ ၁ ပါးနဲ့ လူ ၄၉ ဦး နေ့လည်စာ စမစားတော့ဘူး။”

ဒီချီတက်လမ်းလျောက်အဖွဲ့မှာ ဘုန်းကြီး (၉) ပါး။ အမျိုးသမီး (၁၁) ဦး အမျိုးသား (၃၇) ဦး ပါဝင်ပါတယ်။ သူတို့ဟာ ပြီးခဲ့တဲ့လ (၇) ရက်နေ့ကတည်းက မန္တလေးတိုင်း မြင်းခြံကနေ လိုင်ဇာအထိ ချီတက်တဲ့အဖွဲ့ ဖြစ်ပါတယ်။ တားမြစ်ထားတဲ့ တပ်မတော်စခန်းက ဘုန်းကြီးတွေကို ဆွမ်းကပ်ပြီး လူတွေကို ထမင်းကျွေးတယ်လို့ ဆိုပါတယ်။ ဒီနေ့ နေ့ခင်းမှာတော့ အတော်များများက ဒီခရီးကို ဆက်လက်သွားဖို့ အစာငတ်ခံ ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့လည်း ပြောပါတယ်။

ဦးပဇင်းဦးဥတ္တမက “ရှေ့ဆက်သွားဖို့ ခွင့်ပြုချက်ရရင် သူတို့ကျွေးတာကို စားကြမှာပေါ့။ မရဘူးဆိုရင် ဆွမ်းကို လက်မခံဘဲ လူတွေလည်း မစားတော့ဘူးဆိုတဲ့ သဘောရှိပါတယ်။ တတိုင်းပြည်လုံး ငြိမ်းချမ်းရေးအတွက် လာတာဖြစ်တဲ့အတွက် ရှေ့ဆက်သွားမယ်။ မိုင်းတွေ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ မရှိတာကို ရှိတယ်လို့ ခြိမ်းခြောက်သည်ဖြစ်စေ ဒီလမ်းကို ဆက်သွားမယ်လို့ ပြောထားပါတယ်။”

အခုလက်ရှိရောက်ရှိနေတဲ့ နေရာဟာ လိုင်ဇာမြို့နဲ့ တနာရီကျော်လမ်းလျှောက်ခရီးလောက်သာ ရှိနေပြီး မရောက်ရောက်အောင် သွားဖို့ ဆုံးဖြတ်ထားတယ်လို့ လိုက်ပါလာတဲ့ အမျိုးသမီးတဦးက ပြောပါတယ်။
“အရမ်းတက်ကြွနေတဲ့စိတ်ဓာတ်ကို ဆောင့်ကန်လိုက်သလို ခံစားရတယ်။ လိုင်ဇာအထိ ရောက်ဖို့ ဖိနပ်တွေ ခြေထောက်တွေ ပေါက်ပြဲတဲ့အထိ သွားခဲ့ကြတာလေ။ သူတို့ကလည်း မသွားခိုင်းတော့ ဒီမှာသောင်တင်နေကြတာပေါ့။ ကျမတို့က မအောင်မြင်မချင်း နောက်ပြန်မလှည့်ဘူး။ မစားရရင် နေပါစေ။ ငတ်ပြတ်သွားပါစေ။ ဇွဲမလျော့ဘူး။ ဘယ်လောက်ပဲ ကြာကြာ။”

စစ်အစိုးရလက်ထက် အပစ်အခတ်ရပ်စဲထားတဲ့ ကေအိုင်အိုနဲ့ ဦးသိန်းစိန်လက်ထက် မှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ပျက်ပြီး တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့တာပါ၊ နှစ်ဖက်ဆွေးနွေးပွဲတွေ လုပ်ပေမယ့် မအောင်မြင်သေးဘဲ နက်ဖြန်ကျရင် တရုတ်နိုင်ငံ ရွှေလီမှာ ထပ်တွေ့ကြဖို့ ချိန်းထားကြပါတယ်။

မြင်းခြံကအဖွဲ့လိုပဲ ရန်ကုန်ဘက်ကနေ လိုင်ဇာအထိ ချီတက်တဲ့ အဖွဲ့တဖွဲ့ဟာလည်း ကချင်ပြည်နယ် လိုင်ဇာမြို့နားကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013