Home
ဆောင်းပါး
စစ်ပြေးရှောင် ကလေးတွေရဲ့ ပညာရေး 
DVB
·
February 19, 2020
မြန်မာပြည်ဟာ ပြည်တွင်းစစ်မီး သက်တမ်းရှည်နေတဲ့ နိုင်ငံဖြစ်တဲ့အလျောက် လက်နက်ကိုင် ပဋိပက္ခထဲ လမ်းပျောက်နေရတဲ့ ကလေးငယ် သိန်းချီ ရှိနေပါတယ်။ လက်ရှိ မတည်ငြိမ်သေးတဲ့ အခြေအနေကြောင့် နေရပ်မပြန်နိုင်သေးတဲ့ စစ်ပြေးဒုက္ခသည်တွေ ရှိနေသလို၊ တိုက်ပွဲတွေကြောင့် လတ်တလော နေရပ်စွန့်ခွာရသူတွေဟာ တိုင်းရင်းသားဒေသတွေမှာ ထောင်ပေါင်းများစွာ ရှိနေပါတယ်။ ပဋိပက္ခထဲမှာ ကံဆိုးတဲ့ ကလေးငယ်တွေဟာ အိုးမဲ့ အိမ်မဲ့၊ မိဘမဲ့ ဖြစ်သွားနိုင်သလို၊ ကံဆိုးရင် အမြောက်ဆံ ဗုံးဆံတွေထဲမှာ အသက်ပျောက်သွားနိုင်တာပါပဲ။ ကံကောင်းလို့ ထွက်ပြေး လွတ်မြောက်ခဲ့လည်း ပုံမှန် ပညာသင်ကြားခွင့်ကို ကျောခိုင်းနေကြရပါတယ်။ ပဋိပက္ခထဲက ပညာရေး လက်ရှိတိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်ထဲမှာ စစ်ဘေးရှောင် ကလေးငယ်တွေရဲ့ ပညာသင်ကြားရေးအတွက် အကူအညီလိုအပ်နေတယ်လို့ ဒေသခံ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။  တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရသေ့တောင်၊ ဘူးသီးတောင်၊ မင်းပြားရှိ ကျောင်းတွေက ကျောင်းသား ၂၃၀၀ ကျော်ဟာ စစ်ရှောင်စခန်း ၁၀၇ ခုမှာ ယာယီ ခိုလှုံနေခဲ့ရတဲ့အကြောင်း တောင်ကုတ်အမတ် ဒေါ်နီနီမေမြင့်က ပြီးခဲ့တဲ့ စက်တင်ဘာလဆန်းပိုင်းက လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။ ရခိုင်ပြည်နယ်ထဲက တိုက်ပွဲတွေ ပြင်းထန်နေတာ တနှစ်ကျော်ရှိလာပြီး စစ်ဘေးရှောင် တသိန်းကျော် ရှိတယ်လို့ သိရပါတယ်။ စစ်ဘေးရှောင် ဒုက္ခသည်တွေဟာ ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေကြရဆဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလက ရခိုင်တိုင်းရင်သားမျိုးနွယ်များ အစည်းအရုံးက လိုက်လံကောက်ယူခဲ့တဲ့ စာရင်းအရ တိုက်ပွဲဖြစ်ပွားနေတဲ့ ဧရိယာတွေမှာ အခြေခံပညာကျောင်းသားတွေသာမက တက္ကသိုလ် တက်နေတဲ့ ကျောင်းသား ကျောင်းသူတွေလည်း ပညာဆက်လက်သင်ကြားရေးအတွက် အခက်တွေ့နေကြတယ်လို့ သိရပါတယ်။ တိုက်ပွဲတွေကြောင့် ကျောင်းမတက်နိုင်ဘဲ ထွက်ပြေးနေရတဲ့ ကလေးငယ် အရေအတွက်ဟာ မင်းပြားမြို့နယ်တခုတည်းက ကျေးရွာ ၂၀ လောက်မှာ ရာချီရှိနိုင်တယ်လို့ ရခိုင် လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက ဒီဗွီဘီကို ပြောပါတယ်။ နဂိုကတည်းက ဝေးလံခေါင်ဒေသဖြစ်လို့ ဆရာ၊ ဆရာမတွေ မလုံလောက်တာနဲ့ အခြေခံအဆောက်အအုံ မပြည့်စုံတဲ့ ချင်းပြည်နယ်မှာလည်း တိုက်ပွဲတွေကြောင့် ကလေး ရာပေါင်းများစွာဟာလည်း ပညာသင်ကြားခွင့် မရေမရာဖြစ်နေပါတယ်။ စစ်ရေးပဋိပက္ခဒဏ်ကို ရှည်ကြာစွာ ခံစားခဲ့ရတဲ့ ကချင်ပြည်နယ်ထဲမှာ စစ်ဘေးရှောင် စခန်းတွေရှိနေတာ ဆယ်စုနှစ်တွေ ချီနေပါပြီ၊ အခုနောက်ပိုင်း တိုက်ပွဲတွေ အရင်လောက် မပြင်းထန်တော့ပေမယ့် တိုက်ပွဲ ဖြစ်ပွားခဲ့ရာ ဒေသတွေမှာ မိုင်းတွေ မရှင်းနိုင်သေးတာ၊ မလုံခြုံသေးတဲ့ အခြေအနေတွေကြောင့် စစ်ဘေးရှောင်တွေ နေရပ် မပြန်နိုင်ကြသေးပါဘူး။ မြစ်ကြီးနားမြို့နယ်နဲ့  ဝိုင်းမော်မြို့နယ်တို့မှာတင် စစ်ဘေးရှောင် စခန်းပေါင်း ၅၀ ကျော် ရှိတယ်လို့ သိရပါတယ်။ စစ်ဘေးရှောင်စခန်းက ဒေသခံတွေရဲ့ ပညာရေးကိစ္စတွေကို KBC လို ဘာသာရေး အဖွဲ့အစည်းတွေ အပြင် ကုလသမဂ္ဂ အဖွဲ့အစည်းတွေ၊ တခြား အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေက အကူအညီပေးနေရဆဲ ဖြစ်ပါတယ်။ စစ်ဘေးရှောင်တွေ အိမ်ပြန်နိုင်ဖို့၊ တနည်းအားဖြင့် ကျောင်းသားတွေ အေးအေးချမ်းချမ်း ကျောင်းတက်နိုင်ဖို့ဆိုရင် ပထမဆုံး လုပ်ရမှာက အပစ်ရပ်စဲဖို့ ဖြစ်တယ်လို့ ကချင်အမျိုးသားများ အတိုင်ပင်ခံ အဖွဲ့အတွင်းရေးမှူး ဦးဇော်ဂျတ်က ပြောပါတယ်။ အခုအထိတော့ အစိုးရရဲ့ အပစ်ရပ်စဲရေးလုပ်ငန်းမှာ မြောက်ပိုင်းက အင်အားကြီးတဲ့ KIO မပါဝင်လာသလို နောက်ထပ် သုံးဖွဲ့လည်း မပါဝင်လာသေးပါဘူး။ ပြီးခဲ့တဲ့ သြဂုတ်လက ပြင်ဦးလွင်မှာရှိတဲ့ တပ်မတော်နည်းပညာတက္ကသိုလ်အပါအ၀င် နေရာ ၅ ခုကို KIO ရဲ့ မဟာမိတ်တွေ ဖြစ်တဲ့ MNDAA ၊ TNLA၊  AA တို့က အလစ်၀င်တိုက်ခိုက်တဲ့နောက်ပိုင်း ရှမ်းပြည်နယ်ထဲက ကျောက်မဲ၊ လားရှိုး၊ သိန္နီ၊ ကွတ်ခိုင်၊ မူဆယ်နဲ့ ကွမ်းလုံ ဒေသတွေမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး ဒေသခံ ထောင်ပေါင်းများစွာ နေရပ်စွန့်ခွာခဲ့ရပါတယ်။ ကံကြမ္မာဆိုးအောက်မှာ ဒီနေ့ ကမ္ဘာမှာ ကလေးငယ် သန်း ၇၀၀ ရဲ့ ဘဝတွေဟာ စောစောစီးစီး ကလေးဘ၀ကို အဆုံးသတ်ကြရတယ်လို့ Save the Children ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ ဆင်းရဲမွဲတေမှု၊ ကျန်းမာရေးချို့တဲ့မှု၊ ပဋိပက္ခတွေ၊ စစ်ပွဲတွေနဲ့ အစွန်းရောက် အကြမ်းဖက်မှုတွေ၊ အသက်မပြည့်ခင် အိမ်ထောင်ကျတာ၊ မသိတတ်တဲ့ အရွယ် ကိုယ်ဝန်ဆောင်လိုက်ရတာ၊ အာဟာရ မပြည့်ဝ ချို့တဲ့တာ၊ ပညာရေးမှာ ခွဲခြားဆက်ဆံ ချောင်ထိုးခံရတာ၊ အတင်းအဓမ္မ ကလေးအလုပ်သမားဘဝ တွန်းပို့ခံရတာ စတဲ့ လောကဓံဆိုးတွေအောက်မှာ ကျရောက်နေရပါတယ်။ အဓိပ္ပာယ်ကတော့ ကမ္ဘာ့မှာ ကလေးလူဦးရေရဲ့ လေးပုံ တစ်ပုံဟာ သေနတ်သံ၊ ဗုံးသံတွေကြောင့် အိပ်ရေးမဝဘဲ လန့်နိုးနေရ၊ ဆင်းရဲမွဲတေမှု၊ လူမှုရေးပြဿနာတွေကြောင့် မေတ္တာငတ်မွတ်၊ ပညာချို့တဲ့၊ အဟာရပြတ်လပ်၊ သွေးဆာနေတဲ့ နိုင်ငံရေးနဲ့ ပဋိပက္ခထဲ မသိ နားမလည်တဲ့ အရွယ်မှာပဲ ရက်ရက်စက်စက် ပစ်ချခံထားရပြီး ဒုက္ခတောထဲမှာ မသေရုံ ရှင်သန် ရုန်းကန်နေတဲ့ ဘဝတွေ သန်းချီ ရှိနေပါတယ်။ ခေါင်းပုံဖြတ်ခံရ၊ ဒါမှမဟုတ် လမ်းမှားဆီ တွန်းပို့တာ ခံနေပါတယ်။ ဒီကလေးတွေ ကြီးပြင်းလာမယ့် တိုင်းပြည်တစ်ပြည်ရဲ့အနာဂတ်ကို မှန်းဆကြည့်ရင် ရင်မောစရာပါပဲ။  ကမ္ဘာမှာ ကျောင်းနေအရွယ် ကလေးငယ် ၂၆၃ သန်းဟာ  စာသင်ကျောင်းတွေကို ကျောခိုင်းနေကြရပါတယ်။ ၁၆၈ သန်းဟာ ကလေးအလုပ်သမား ဖြစ်နေကြပါတယ်။ ၈၅ သန်းဟာ အန္တရာယ်များပေ့ ဆိုတဲ့ အလုပ်တွေကို လုပ်ကိုင်နေကြရပါတယ်။ ကလေး ၂၈ သန်းဟာ ပဋိပက္ခတွေကြောင့် အိမ်ခြေမဲ့တွေဖြစ်၊ ဒါမှမဟုတ် ဒုက္ခသည်ဘဝ ရောက်ကုန်ကြပါတယ်။ ပဋိပက္ခအတွင်းက ကလေးငယ်တွေ မြန်မာနိုင်ငံအနေနဲ့ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်တွေ ပါဝင်ပတ်သက်မှုဆိုင်ရာ နောက်ဆက်တွဲ အခြေပြစာချုပ်မှာ ပါဝင်ဖို့ ပြီးခဲ့တဲ့ စက်တင်ဘာလက ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားတာ ရှိပါတယ်။ ဒီလို ပါဝင်ခြင်းအားဖြင့် ကလေးသူငယ်တွေရဲ့ အခွင့်အရေး ကာကွယ်မြှင့်တင်ရေးအတွက် ရည်ရွယ်ပါတယ်။ ဒါပေမဲ့ ပဋိပက္ခဖြစ်နေတဲ့ အခြေအနေအောက်မှာ ဒီသဘောတူညီချက်ထဲက ကလေးစစ်သား အသုံးပြုမှု တားမြစ်ချက်လို ကိစ္စကို အကောင်အထည်ဖော်ဖို့ ဆိုတာ အကန့်အသတ်တွေ ရှိနေတုန်းပါပဲ။ မြန်မာပြည်မှာလည်း ကလေးငယ် ထောင်ပေါင်းများစွာဟာ စာသင်ကျောင်းတွေကို ကျောခိုင်းရပြီး လက်နက်ကိုင်ပဋိပက္ခထဲ ဆွဲသွင်းခံနေရပါတယ်။ တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ပညာသင်ကြားခွင့် ဆုံးရှုံးနေကြရပြီး ပြည်တွင်းစစ်ရဲ့ သားကောင်ဘဝရောက်နေကြရပါတယ်။ ဒါတင်မက ပဋိပက္ခတွေကြားမှာ မွေးဖွားလာတဲ့ ကလေးတွေဟာ လူကုန်ကူးသူတွေရဲ့ သားကောင်ဘဝ အချိန်မရွေး ဖြစ်သွားနိုင်ပါတယ်။ မိဘတွေရဲ့ ကစဉ့်ကလျား စီးပွားရေး အခြေအနေကြောင့် မိန်းကလေးငယ်တွေကို မသမာသူတွေ လက်ထဲ ရောင်းစားမိလျက်သား ဖြစ်နိုင်ပါတယ်။ ကျောင်းကနေထုတ်ပြီး အရွယ်နဲ့မမျှတဲ့ အလုပ်တွေ စေခိုင်းတာ ဖြစ်နိုင်ပါတယ်။ စစ်ရှောင်ဒုက္ခသည်တွေ အိမ်ပြန်ရေး စစ်ရှောင်စခန်းတွေကို ပိတ်သိမ်းဖို့ အစိုးရက ရည်မှန်းထားပေမယ့် လက်တွေ့မှာ ဖြစ်နိုင်ဖို့ အလှမ်းဝေးနေပါသေးတယ်။ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက ထွက်ပေါ်လာတဲ့ သုတေသန စစ်တမ်းတစ်ခုမှာ ကချင်ပြည်နယ်ထဲက စစ်ပြေးဒုက္ခသည်တွေ နေရပ်ပြန်ဖို့ မဖြစ်နိုင်သေးတဲ့ အခြေအနေတွေကို ဖော်ပြထားပါတယ်။ မြေမြှုပ်မိုင်းပြဿနာတွေကနေ၊ မြေယာပိုင်ဆိုင်ခွင့်ပြဿနာနဲ့ ရေကောင်းရေသန့် ရရှိရေးကိစ္စတွေအထိ ပါဝင်ပါတယ်။ စစ်ဘေးရှောင်တွေ နေရပ်မပြန်နိုင်ခင်၊ ကလေးတွေရဲ့ ပညာရေးဟာလည်း ပြဿနာ တရပ်အနေနဲ့ ရှိနေဦးမှာ ဖြစ်ပါတယ်။ ပညာရေးဝန်ကြီးဌာနအနေနဲ့လည်း အထူးသဖြင့် ရခိုင်ပြည်နယ်မှာ ဆိုးရွားနေတဲ့ အခြေအနေကြားထဲမှာပဲ ကလေးတွေကို ပညာသင်ကြားခွင့် မဆုံးရှုံးရအောင် အတတ်နိုင်ဆုံး ကြိုးစားနေတယ်လို့ ပြောပါတယ်။ ကလေးတွေရဲ့ မနက်ဖြန် ငယ်စဉ်အချိန်မှာ ပညာကောင်းမွန်စွာ သင်ခဲ့ရပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာတဲ့ ကလေးငယ်တွေကသာ တိုင်းပြည်ရဲ့ အနာဂတ်ကို အကောင်းဆုံး တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ ဆင်းရဲမွဲတေမှု လျှော့ချရေး၊ ပဋိပက္ခတွေ လျှော့ချရေး၊ လူ့အဖွဲ့အစည်းအတွင်း အစွန်းရောက် အယူအဆတွေ ကင်းဝေးပြီး သဟဇာတ ဖြစ်ရေးအတွက် ဆိုရင်လည်း နောင်မှာ လူကြီးဖြစ်လာမယ့် ဒီနေ့ ကလေးတွေကို လူ့အဖွဲ့အစည်းက ပညာပြည့်ဝ နှလုံးလှအောင် ပြုစု ပျိုးထောင်ဖို့ လိုအပ်ပါတယ်။ နေသွင်ညိဏ်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024