DVB Logo
Home
မေးမြန်းခန်း
လက်ပန်းတောင်းအရေး လှုပ်ရှားသူ မသွဲ့သွဲ့ဝင်းနှင့် မေးမြန်းချက် – ၂
DVB
·
March 9, 2013
လက်ပန်းတောင်းအရေး လှုပ်ရှားသူ မသွဲ့သွဲ့ဝင်းနှင့် မေးမြန်းချက် – ၂
Donate to DVB

စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်ထဲက လက်ပန်းတောင်းတောင် ကြေးနီစီမံကန်းအရေး လှုပ်ရှားနေတဲ့ ၀က်မှေးရွာသူ မသွဲ့သွဲ့ဝင်း ထိုင်းနိုင်ငံကို ရောက်ရှိခိုက် ကိုမောင်တူးက  တွေ့ဆုံမေးမြန်းချက် အပိုင်း ၂ - နိဂုံးဖြစ်ပါတယ်။

အစီရင်ခံစာထွက်လာမယ်ဆို ဖြစ်ရပ်မှန်တွေအတိုင်း တင်ပြလာနိုင်မယ်ပေါ့။ အဲအတိုင်းထင်ဟပ်မယ်လို့ ထင်လား။ ဘယ်လိုထင်လဲ။

“ကော်မရှင်အနေနဲ့ ဒေသမှာ တကယ် လက်တွေ့ဖြစ်နေတဲ့အတွက် ဖြစ်စဉ်တွေကို သမ္မတ ဦးသိန်းစိန်ဆီ တင်မယ်လို့ မျှော်လင့်တယ်။ ဦးသိန်းစိန်အနေနဲ့လည်း ဒီစီမံကိန်းလုံးဝဖျက်သိမ်းသင့်တယ်ဆိုတဲ့အကြောင်း သိလောက်မှာပါ။”

လက်ရှိ ကော်မရှင်အဖွဲ့ဝင်တွေနဲ့ရော စကားပြောဖြစ်လား။ သူတို့ဘက်ကရော စုံစမ်းနေတာနဲ့ ပတ်သက်လို့ ပြောလား။ ဘာတွေသိရလဲ။

“ကော်မရှင်အဖွဲ့ဝင်တွေနဲ့ ခဏလောက်ပဲပြောဖြစ်တယ်။ နယ်တွေဆင်းတဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်တွေမှာ တိတိကျကျ စုံစမ်းတာ ဘာတခုမှမရှိဘူး။ ဘာကြောင့် ဒီလိုပြောနိုင်တာလဲဆိုတော့ ၀က်မှေးရွာကို ကော်မရှင်လာတော့ မတွေ့လိုက်ဘူး မန္တလေးက ဆရာတော်တွေဆီရောက်နေလို့။ ကော်မရှင်ရွှေလှေရွာရောက်နေတယ်ဆိုလို့ ကျမတို့သွားတော့ စုံစမ်းစစ်ဆေးရေးကော်မရှင်ဟာ ကျမ. မတိကျဘူးပေါ့။ ကျမတို့လိုချင်တာ တိကျမှု။ ဒေသခံတွေကတော့ တက်တက်ကြွကြွ ပြောကြပါတယ်။ မီးလောင်ဗုံးပစ်ခံရတဲ့နေ့ ဆိုရင် မနက်စောစောစီးစီး လင်းတာနဲ့ တပြိုင်ထဲ ရွှေလှေရွာကလည်း ၂၆ ရွာထဲပါတယ်လေ။ သူတို့ကလည်း အပြင်ထွက်ဖို့လုပ်နေတော့ ဆားလင်းကြီးဥက္ကဋ္ဌ ဦးသန်းမြင့်ကနေ နင်တို့တယောက်မှထွက်စရာမလိုဘူးတဲ့။ စာကြည့်တိုက်တွေဆောက်ပေးထားတယ်၊ လမ်းတွေချဲ့ပေးထားတယ်တဲ့။ အဲလိုတွေလုပ်စရာမလိုဘူးလေ။ စုံစမ်းစစ်ဆေးရေးကော်မရှင်က ဒါတွေစုံစမ်းစရာမလိုဘူးလေ။ ဒေသခံတွေ နစ်နာတဲ့အချက်ကိုပဲ စုံစမ်းလေ။ ဒေသခံတွေ တကယ်နစ်နာနေတာလေ။ ဘာကြောင့် ဒီလိုဖြစ်ရလဲဆိုတဲ့ အကြောင်းအရင်းအမျိုးမျိုးကို သုံးသပ်စစ်ဆေးရေးရမှာလေ ကော်မရှင်က။ ဘာပေးထားလို့ဆိုတာမျိုး မလိုလားဘူး။”

ဒေါ်အောင်ဆန်းစုကြည်က ကော်မရှင်ဥက္ကဋ္ဌဖြစ်လာတယ်။ မသွဲ့သွဲ့ဝင်းတို့ ဆန္ဒပြမှုတွေရုပ်သိမ်းထားတာလည်း ဒါကြောင့်ပေါ့။ ဘာကြောင့် ဒီလိုဆုံးဖြတ်ရလဲ။

“အမေစုကို ကျမတို့က လေးစားယုံကြည်တယ်။ အမေစု တကယ်လုပ်ပေးနိုင်မယ်လို့လည်း ယုံကြည်တယ်။ ဒါကြောင့် ဆန္ဒပြမှုတွေ ယာယီ ရပ်ထားတာ။”

ဆန္ဒပြသူတွေဘက်က ကျေနပ်မှုရှိအောင် ဆန္ဒပြပွဲတွေ အဆုံးသတ်သွားအောင်ကျတော့ ဘာဖြစ်ဖို့လိုမလဲ။ အစိုးရဘက်က ဘာလုပ်ပေးဖို့လိုမလဲ။

“ဆန္ဒပြပွဲတွေရပ်ဖို့ဆိုရင် လက်ပန်းတောင်းတောင်စီမံကိန်း လုံးဝဖျက်သိမ်းသွားမှသာ ကျေနပ်သွားကြမှာ။”

တဖက်ကလည်း စီမံကိန်းရပ်လိုက်ရင် တရုတ်ကိုအများကြီးလျော်ရမယ်။ စာချုပ်ချုပ်ဆို လက်မှတ်ရေးထိုးထားတာပေါ့။ ဒါကြောင့် စီမံကိန်းဆက်လုပ်ရမယ်ဆိုပြီး အသံတွေထွက်နေတယ်။ ဒီအပေါ်မှာရော ဘာပြောချင်လဲ။

“တရုတ်ကုမ္ပဏီနဲ့ စာချုပ်ချုပ်ဆိုတုန်းက ပြည်သူတွေကို ပွင့်လင်းမြင်သာစွာ ဘာတခုမှပြခဲ့တာ မရှိဘူး။ တရုတ်ကုမ္ပဏီကို အများကြီးလျော်ရမယ်ဆိုရင် ဦးပိုင်ကုမ္ပဏီကပဲ လျော်လိုက်။ ကျမတို့ပြည်သူတွေနဲ့ရော အစိုးရနဲ့ရော မဆိုင်ဘူး။ စာချုပ်ချုပ်ဆိုထားတာလည်း အစိုးရနဲ့ ချုပ်ဆိုထားတာ မဟုတ်ဘူး။ ဦးပိုင်နဲ့ချုပ်ဆိုထားတာ။ ဦးပိုင်လျော်လိမ့်မယ်။ ပြည်သူနဲ့ အစိုးရ မဆိုင်ဘူး။”

မြန်မာနိုင်ငံမှာ အရပ်သားအစိုးရလက်ထက်မှာ တိုးတက်ပြောင်းလဲလာပြီ ပြောကြတယ်။ မသွဲ့သွဲ့ဝင်းတို့ အောက်ခြေလူတန်းစားအတွက်ရော အစိုးရသစ်လက်ထက် ဘယ်လိုအခြေအနေမျိုးရှိလာလဲ။ ဘယ်လိုမြင်လဲ။

“ကျမအမြင်ပြောရရင် ပုဆိုးနဲ့ ဘောင်းဘီအရှည် ပြောင်းသွားတာလောက်ပဲ မြင်တယ်။ ကျန်တဲ့အမူအရာကတော့ မပြောင်းလဲဘူး။”

ဒဏ်ရာရ ကိုယ်တော်တွေကို အစိုးရဘက်ကလည်း တောင်းပန်ပြီးပြီ။ ဒါပေမယ့် သုံးစွဲတဲ့ လက်နက်တွေနဲ့ ပတ်သက်လို့ အရေးယူဆောင်ရွက်တာ လုံးဝမရှိသေးဘူး။ ဒီအပေါ်မှာရော ဘာပြောချင်လဲ။

“စုံစမ်းစစ်ဆေးရေးကော်မရှင်ကနေပြီး အဖြေထွက်လာမှ ကျမတို့ သိရမှာလေ။ အဲထဲကမှ ဆရာတော်၊ သံဃာတော်တွေကို သုံးထားတဲ့ လက်နက်က ဘယ်က ထုတ်ပေးတာလဲ၊ ဘယ်လို သုံးထားတာလဲဆိုတာ။ အဲဒါတွေ ပါမလာဘူးဆိုရင်တော့ ကျမတို့က ထပ်ပြီးတော့ ဖော်ထုတ်ရမှာပဲ။”

နောက်ဆုံးအနေနဲ့ လက်ပန်းတောင်တခုတည်း မဟုတ်ပါဘူး။ မြေသိမ်း၊ ယာသိမ်းတွေ တချို့လည်း ပြန်ပေးတာတွေ ရှိတယ်။ မြန်မာတပြည်လုံးမှာ ဖြစ်နေတယ်။ အဲဒါတွေနဲ့ ပတ်သက်ပြီး ဒီဗွီဘီကနေတဆင့် ဆန္ဒပြနေသူတွေနဲ့ လယ်သမားတွေကို ဘာများပြောချင်ပါသလဲ။

“လယ်သိမ်း၊ ယာသိမ်း ကိစ္စတွေက အနယ်နယ်အရပ်ရပ်မှာလည်း ဖြစ်နေတယ်။ ကျမတို့ လက်ပန်းတောင်းတောင် စီမံကန်းကြီးဆိုတာလည်း တကယ့်ကို သာသနာအမွေရှိတဲ့ နေရာဖြစ်တဲ့အတွက်ကြောင့် လယ်တီဆရာတော်ဘုရားကြီးရဲ့ သာသနာ့ အမွေအနှစ်ကိုလည်း ကျမတို့က ထိန်းသိမ်းကာကွယ်စောင့်ရှောက်ချင်တယ်။ အခု မြန်မာနိုင်ငံ ဒေသတိုင်း လယ်ယာမြေနဲ့ပတ်သက်တဲ့ဟာတွေကို သမ္မတကြီးကိုယ်တိုင်ကနေပြီး ပွင့်လင်းမြင်သာစွာနဲ့ အေးအေးဆေးဆေး ဖြေရှင်းပေးနိုင်လိမ့်မယ်လို့ ကျမတို့က မျှော်လင့်တာ။ ဘာလို့လဲဆိုတော့ ဒီလိုလယ်ယာမြေနဲ့ ပတ်သက်ရင် စစ်တပ်ကသိမ်းတယ်၊ ဦးပိုင်က သိမ်းတယ်၊ ခရိုနီတွေက သိမ်းတယ်၊ အမျိုးအမျိုးကြောင့် သိမ်းတဲ့အခါမှာ လယ်သမားတွေပဲ တကယ်ရင်ဆိုင်ရတယ်။ အဲလို ရင်ဆိုင်နေရတဲ့ အချိန်ကာလမှာ လယ်သမားဆိုတာက ကျောမွဲလူတန်းစား၊ သူတို့ကိုမှ မတရားသဖြင့် ဒီလိုအကြမ်းဖက်ပြီးတော့၊ ဥပမာ မလက်တိုရွာမှာဆိုရင်လည်း အကြမ်းဖက်နှိမ်နင်းမှုတွေ ဖြစ်တယ်။ အဲဒါတွေဆိုလည်း မဖြစ်သင့်ဘူး။ ပွင့်လင်းမြင်သာအောင် ခရိုနီတွေဘက်ကလည်း ဘာကြောင့်ဆိုတာ ရှင်းပြ၊ နောက်ပြီး ဒေသခံ လယ်ယာမြေပိုင်ရှင်တွေနဲ့ အေးအေးဆေးဆေး ညှိနှိုင်းဆွေးနွေးပြီးမှ ဒီဥစ္စာကို လုပ်သင့်မလုပ်သင့်ပေါ့။ မလုပ်သင့်တာက များတယ်။ ဘာလို့လဲဆိုတော့ ကျမတို့ မြန်မာနိုင်ငံမှာ လယ်ယာမြေစိုက်စားတာ ၇၀ ရာခိုင်နှုန်း၊ တောင်သူတွေဆိုတာက ကျန်တာ ဘာမှကို လုပ်ကိုင်မစားတတ်တဲ့သူတွေ ဖြစ်တယ်။  သူတို့လည်း သူတို့လယ်ယာမြေ မက်မောမှာပဲ။ ခရိုနီတွေကလည်း မက်မောပြီး ကုတ်သွေးစုပ်နေတာ။ အဲဒီအခါ ဒီလယ်သမားတွေကလည်း ကိုယ်လယ်ယာမြေကို ဘယ်သူမှ လက်မလွှတ်ချင်ကြဘူး။ အဲဒါကြောင့် ကျမတို့ ဒေသခံ တောင်သူလယ်သမားတွေဟာ တကယ်ကိုပဲ ရိုးသားပါတယ်၊ အပါတယ်၊ ပွင့်လင်းမှုလည်း မရှိကြပါဘူး။ ဒါကြောင့် သမ္မတအနေနဲ့ အေးအေးဆေးဆေးနဲ့ လယ်သမားတွေကို ဖြေရှင်းပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဖြေရှင်းပေးပါလို့လည်း တိုက်တွန်းပါတယ်။"

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013