Home
မြန်မာသတင်း
လွိုင်ကော်ဆေးရုံတွင် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ ခြေပူးလက်ပူးနှင့် မီးလောင်ဒဏ်ရာ လူနာများကို အခမဲ့ ခွဲစိတ်ကုသပေးနေ
နော်နိုရင်း
·
February 19, 2020
ကယားပြည်နယ်အတွင်းရှိ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ ခြေပူးလက်ပူးနဲ့ မီးလောင်ဒဏ်ရာလူနာတွေကို  လွိုင်ကော်ပြည်သူ့ဆေးရုံကြီးမှာ အခမဲ့ခွဲစိတ်ကုသပေးနေပါတယ်။ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ ခြေပူးလက်ပူးနဲ့ မီးလောင်ဒဏ်ရာလူနာတွေကို အခမဲ့ ခွဲစိတ်ကုသ ပေးမှု အစီအစဉ်ကို ဖေဖော်ဝါရီ ၁၇ ရက်က ၂၉ ရက်အထိ ပြုလုပ်မှာဖြစ်ပါတယ်။ ပြည်နယ်အစိုးရရဲ့ ဦးဆောင်လမ်းညွှန်မှုနဲ့ လွိုင်​ကော်ပြည်သူ့​ဆေးရုံကြီးမှာ German Interplast အဖွဲ့က ဆရာဝန်တွေ၊  လွိုင်​ကော်ပြည်သူ့​ဆေးရုံကြီးက ကျန်းမာ​ရေးဝန်ထမ်းတွေနဲ့ ပူး​ပေါင်းပြီး နှုတ်ခမ်းကွဲ၊ အာ​ခေါင်ကွဲ၊ ​ခြေပူးလက်ပူး၊ မီး​လောင်ဒဏ်ရာ၊ အဖုအကြိတ်​ စတဲ့ ခံစား​နေရ​တဲ့ ​ဝေဒနာသည်တွေကို အခမဲ့ခွဲစိတ်ကုသ​ပေး​နေ​တာလည်း ဖြစ်ပါတယ်။ ခွဲစိတ်ကုသမှုခံယူဖို့ ကနဦး စာရင်းပေးထားသူ ၁၀၀ကျော်ရှိပြီး အကြီးအစား အသေးစားခွဲစိတ်ရမယ့်သူ ၇၀ ကျော် ရှိတယ်လို့  ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်က ပြောပါတယ်။ ဒါ့အပြင် အခုနောက်ထပ်တိုးလာတဲ့လူနာတွေရှိနေသေးတယ်လို့ သိရပြီး   ဖေဖော်ဝါရီ ၁၈ ရက်နေ့က လူနာ ၉ ဦးကို ခွဲစိတ်ပေးခဲ့ပါတယ်။ လူနာတွေ တည်းခိုနေထိုင်ရေးတို့အတွက် ပရဟိတ လူမှုကူညီရေး အသင်းအဖွဲ့အစည်းတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့  သီတဂူတက်လမ်း စက္ခုဒါနဆေးရုံ(ချိကယ်)မှာ စီစဉ်ဆောင်ရွက်ထားပြီး လူနာနဲ့ လူနာရှင်တွေ ဆေးရုံတက်ရောက်ကုသစဉ် စားသောက်ရေးအတွက် ပြည်နယ်အစိုးရ အဖွဲ့ရဲ့  ထောက်ပံ့မှုနဲ့ ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။ နယ်ဝေးလူနာတွေအတွက်လည်း သွားလာရာမှာ အခက်အခဲမရှိစေဖို့ လူနာတင်ယာဉ် ၅ စီးနဲ့ ပရဟိတလူမှုကူညီရေး အသင်းအဖွဲ့အစည်းတွေ ပူးပေါင်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ ခြေပူးလက်ပူးနဲ့ မီးလောင်ဒဏ်ရာလူနာတွေကို အခမဲ့ ခွဲစိတ်ကုသပေးတဲ့  အစီအစဉ်ကို ဖေဖော်ဝါရီ ၂၉ ရက်အထိ ပြုလုပ်မှာဖြစ်တာကြောင့် ကယား ပြည်နယ်အတွင်းရှိ ရပ်ဝေးရပ်နီး ပြည်သူတွေ မည်သူ မဆို လာရောက်ဆေးကုသနိုင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024