ခန္တီးနှင့် ဟုမ္မလင်းကို  နာဂဒေသအတွင်း ထည့်ပေးရန်တောင်းဆိုမှုကို အပြင်းအထန်ကန့်ကွက်

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသထဲကို ခန္တီးမြို့နယ်နဲ့ ဟုမ္မလင်းမြို့နယ်တို့ကိုပါ ထည့်သွင်းပေးဖို့ တောင်းဆိုနေတဲ့အပေါ် ဒေသခံတိုင်းရင်းသားတွေဖြစ်တဲ့ ရှမ်းနီ၊ ကချင်၊ လီဆူး၊ ချင်းစတဲ့ တိုင်းရင်းသားတွေက ပြင်းထန်စွာကန့်ကွက်ကြောင်း အသီးသီးထုတ်ပြန်ကြေညာပါတယ်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် လေရှီးမြို့သို့ သွားရောက်ခဲ့တဲ့ ခရီးစဉ်မှာ လေရှီးမြို့ရှိ နာဂလူမျိုး ဦးကေရှီမှူးက ခန္တီးမြို့နဲ့ ဟုမ္မလင်းမြို့နယ်ကို နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းသို့ ထည့်သွင်းပေးဖို့တောင်းဆိုခဲ့တာနဲ့ ပတ်သက်လို့ သဘောထားထုတ်ပြန်ကြတာပါ။ ခန္တီးမြို့နဲ့ ဟုမ္မလင်းမြို့တို့ဟာ ရှမ်းစော်ဘွားတွေ အစဉ်အဆက်အုပ်ချုပ်ခဲ့ပြီး ဒေသအတွင်း ပြဿနာတစုံတရာမရှိဘဲ တိုင်းရင်းသားတွေ နေထိုင်ခဲ့တာဖြစ်တယ်လို့ ရှမ်းနီလူငယ်အဖွဲ့က ပြောပါတယ်။ နာဂလူမျိုးတို့ရဲ့ တောင်းဆိုမှုကြောင့် မလိုလားအပ်တဲ့ ပဋိပက္ခတွေ ဖြစ်နိုင်ပြီး တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ပျက်ပြားစေနိုင်တာကြောင့် ဦကေရှိမှူးရဲ့ တောင်းဆိုချက်အပေါ် လုံးဝကန်ကွက်ကြောင်းကို ရှမ်း၊ ကချင်၊ လီဆူး၊ ချင်း တိုင်းရင်းသားတွေက သဘောထားတွေ ထုတ်ပြန်ခဲ့ပါတယ်။ (ခေါင်ဆိုင်) ကူကီးဥက္ကဋ္ဌ ဦးဆေးပူက “တောင်းဆိုမှုဟာ လက်ခံခဲ့ရင်နိုင်ငံရေးအရ ပြဿနာတွေဖြစ်လာမယ်။ လက်နက်ကိုင်ပြီး တိုက်ပွဲတွေဖြစ်လာနိုင်မယ်၊ လူမျိုးစုတစု ကောင်းစားရေးအတွက် ဒီလို မတောင်းဆိုသင့်ဘူး။ ဒီတောင်းဆိုမှုမျိုးကြောင့် မလိုလားအပ်တဲ့ ပြဿနာတွေကို မဖြစ်စေချင်ဘူး။ မူလအုပ်ချုပ်မှုပဲ လိုလားတယ်”လို့ ပြောပါတယ်။ အလားတူ ရှမ်းနီ၊ ကချင်၊ လီဆူးနဲ့ ကီးလူမျိုးတွေကလည်း  နာဂနယ်မြေထဲတည့်ပေးဖို့ တောင်းဆိုမှုအပေါ် လုံးဝကန်ကွက်ကြောင်း  ထုတ်ပြန်ကြေညာထားပါတယ်။ သတင်း- ဂေါင်ဂေါင် 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up