DVB Logo
Home
မေးမြန်းခန်း
မတရားအသင်း အက်ဥပဒေကို ဖျက်သိမ်းသင့်ပြီ – ဦးဖေသန်း
DVB
·
March 8, 2013
မတရားအသင်း အက်ဥပဒေကို ဖျက်သိမ်းသင့်ပြီ – ဦးဖေသန်း
Donate to DVB

အပြစ်မဲ့ပြည်သူတွေကို သောင်းကျန်းသူအဖွဲ့နဲ့ ဆက်သွယ်တယ်ဆိုပြီး မတရားအသင်း အက်ဥပဒေအရ အရေးယူမခံရအောင် မတရားအသင်းများ အက်ဥပဒေ (၁၉၀၈ ခုနှစ်၊ အိန္ဒိယ အက်ဥပဒေ ၁၄) ကို ပြင်ဆင်သည့် ဥပဒေကြမ်းကို လွှတ်တော်က လက်ခံဆွေးနွေးဖို့ ဒီကနေ့ ဆုံးဖြတ်လိုက်ပါတယ်။

မတရားအသင်းအက်ဥပဒေကို လုံးဝဖျက်သိမ်းဖို့ သင်္ဃန်းကျွန်းမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့် တင်ခဲ့တုန်းက လွှတ်တော်က သဘောမတူခဲ့ပေမယ့် အခု ပြင်ဆင်ဖို့ တင်တာကိုတော့ ဆွေးနွေးဖို့ လက်ခံခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့ ဆွေးနွေးခဲ့တာတွေနဲ့ပတ်သက်ပြီး မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းကို ဆက်သွယ်မေးမြန်းထားပါတယ်။

မတရားအသင်း အက်ဥပဒေကို လက်ခံဆုံးဖြတ်ဖို့ သင့်မသင့် ဆွေးနွေးတဲ့ အခြေအနေ ဘယ်လိုရှိလဲ။

[caption id="attachment_37229" align="alignleft" width="150" caption="ဦးဖေသန်း"][/caption]

“ဆွေးနွေးဖို့ လက်ခံလိုက်တယ်။ ပြင်ဆင်တယ်ဆိုတဲ့ အပိတ်ကို လွှတ်တော်ကိုယ်စားလှယ်တွေ ဆွေးနွေးနိုင်ဖို့အတွက် လက်ခံလိုက်တဲ့သဘောပါ။ မတရားအသင်း အက်ဥပဒေက ၁၇/၁၊ ၁၇/၂ ဆိုတာရှိတယ်။ ဘာမှမဆိုင်တဲ့သူတွေကို သောင်းကျန်းသူအဖွဲ့နဲ့ ဆက်သွယ်တယ်၊ မတရားအသင်းနဲ့ ဆက်သွယ်တယ်ဆိုပြီး ဆွဲထည့်တာတွေရှိတယ်။ အဲဒါကို ရည်ရွယ်ချက်နဲ့ ပြင်တာပါ။

“ဥပဒေရဲ့ စာသားအတိအကျပြောရမယ်ဆိုရင် ဥပဒေတွင် မည်သို့ပင် ပြဋ္ဌာန်းပါရှိစေကာမူ တဦးတယောက်ကဖြစ်စေ၊ အဖွဲ့အစည်းက ဖြစ်စေ မိမိ၏နေ့စဉ် ပုံမှန် စားသောက်၊ လုပ်ကိုင် သွားလာ၊ ဆောင်ရွက်မှုအတွက် သော်လည်းကောင်း၊ မိမိ၏အသက်ဘေးအန္တရာယ်ကို ကြောက်ရွံ့သည့်အတွက် သော်လည်းကောင်း၊ မတရားအသင်းများနှင့် ဆက်နွှယ်ပတ်သက် ဆောင်ရွက်ရခြင်းသည် ဤဥပဒေပြဋ္ဌာန်းသည့် ပြစ်မှုများတွင် အကျုံးမ၀င်ဟု မှတ်ယူရမည့်အပြင် တရားစွဲဆိုခြင်း မခံထိုက်စေရဆိုတဲ့ အဲဒီတချက်တည်းပါ။

“ဥပမာ ကိုယ့်ဘ၀၀မ်းရေးအတွက် သွားလာလုပ်ကိုင်တဲ့အခါမှာ ဆက်သွယ်ရတာမျိုး ရှိတယ်။ တခါတခါ ကြောက်ပြီးတော့ လက်ခံရတာမျိုးတွေ ရှိတာကို။ အဲဒါမျိုးတွေအတွက် ဥပဒေနဲ့ မငြိစွန်းနိုင်အောင် အဲအချက်ကို တင်တာပါ။”

လက်ခံလိုက်ပြီဆိုတော့ ဘာဆက်လုပ်ကြမှာလဲ။

“ဥပဒေကြမ်းကော်မတီက အဲဒီအပေါ်မှာ ပြန်ပြီး အစီရင်ခံစာတင်မယ်။ တင်ပြီးတော့ ဆွေးနွေးနိုင်မယ့်သူတွေရှိရင် ဆွေးနွေးဖို့စာရင်း ဖိတ်ခေါ်မှာပေါ့။ ဥပဒေကြမ်းကော်မတီရဲ့ သုံးသပ်ချက်အပေါ်မှာပဲ အများအားဖြင့် အတည်ဖြစ်သွားတာ များပါတယ်။”

အတည်ပြုဖို့ များတယ်ဆိုတော့ မတရားအသင်း အက်ဥပဒေက ဆက်ရှိနေမှာပေါ့။

“မတရားအသင်း အက်ဥပဒေက တော်တော်ကို လူတွေကို ဒုက္ခပေးတဲ့ဥပဒေလေ။ မိဘဖြစ်ရင် သားသမီးတွေကိုပါဖမ်းဆွဲတာပေါ့။ မိဘကတိမ်းရှောင်နေရင်. ပတ်သက်တဲ့သူမလာမချင်း သားသမီးတွေကိုပါ ဆွဲထည့်ပြီး ထိန်းသိမ်းထားတာမျိုး။ ကိုယ့်ဘာသာကိုယ် တောနယ်မှာ ကိုယ့်လုပ်ငန်းခွင်သွားရင်တောင် သူပုန်နဲ့ဆက်သွယ်ပါတယ်ဆိုတာမျိုး. ထည့်ခြိမ်းခြောက်တယ်။ အဲပုဒ်မနဲ့ တရားစွဲတယ်။ ရှေ့တန်းမှာဆိုပိုဆိုးတာပေါ့။ ဖမ်းပြီး နှိပ်စက် ထောင်ချတာမျိုးတွေရှိတယ်။ ဒါက တကယ်ပတ်သက်တယ်ဆိုတာထက် သူတို့ရဲ့ စစ်ရေးအောင်နိုင်ရေးအတွက် အသုံးချတဲ့ပုဒ်မလိုဖြစ်နေတယ်။ မြို့ပေါ်မှာဆိုရင်လည်း ဒီလိုပဲ၊ ဘယ်သူမှ မတရားအသင်းနဲ့မဆက်သွယ်နိုင်အောင် တကယ်ကို ခြိမ်းခြောက်ပြီး ပြစ်ဒဏ်ကိုအများဆုံး ၃ နှစ် ဆိုပြီး ကန့်သတ်ထားတာ။ ဒါအပေါ်မှာလည်း ဒီနေ့အတိုင်းအတာအရ မတရားအသင်းဆိုတာလည်း မရှိသလောက်ဖြစ်ကုန်ပါပြီ။ ဒါပေမယ့် သူတို့က ဒီနေ့ မတရားအသင်း၊ မနက်ဖြန် တရားအသင်းလုပ်နေတော့ မျက်စိတော့လည်တာပေါ့။ ဘာပဲဖြစ်ဖြစ် နိုင်ငံရေးလုပ်တယ်ဆိုတာ အများအားဖြင့် နိုင်ငံရေးပြစ်မှုပါ။ မတရားအသင်းဆိုတာ နိုင်ငံရေးပြစ်မှုများပါတယ်။ ဒီပြင် ပြစ်မှုမဟုတ်ပါဘူး။ ဒီအချိန်မှာ ဒီဥပဒေတွေကို ပြင်းပြင်းထန်ထန်ကြီး လုပ်ဖို့တော့ မကောင်းဘူးပေါ့။ သီးသန့်ဥပဒေတွေ ရှိပါတယ်။ အဲဥပဒေတွေနဲ့ ငြိစွန်းနိုင်ပြီး အထူးဥပဒေတွေ ကျနော်တို့က ရုပ်သိမ်းဖို့ကောင်းတယ်လို့ မြင်ပါတယ်။ တဖြည်းဖြည်းဖြစ်သွားမှာပေါ့လေ။ အချက် တချက်လေးလောက် ပြင်နိုင်ရင်လည်း မဆိုးပါဘူး။ ဘာလို့လဲဆိုတော့ မဆိုင်တဲ့လူတွေ ဆွဲထည့်ပြီး ထောင်ချပစ်တာများနေပါတယ်။ ဒါကြောင့် ဒါလေးကို ဘေးအန္တရာယ်ကြောင့် ကြောက်ရွံ့လို့ ဆက်သွယ်ရတဲ့အခါမှာရှိမယ်။ ကိုယ့်အလုပ်ခွင်မှာ ပတ်သက်နေရတာရှိမယ်။ ဥပမာ သူတို့နယ်မြေကိုသွားရင် သူတို့ဆီကဖြတ်ရတဲ့အခါ ဖြတ်ပိုင်းတွေဖြတ်ပြီး သွားရတာရှိမယ်။ အလုပ်လုပ်မယ် ကျောက်တူးမယ်ဆိုလည်း အခွန်ဆောင်ရတာရှိတယ်။ အဲဒါမျိုးကိုလည်း မဆီမဆိုင် သူတို့က ဆွဲထည့်တာလည်းရှိတယ်။ အဲဒါမျိုးတွေကိုတော့ ဒီအချက်လေးတချက်က ကာကွယ်ပေးနိုင်ပါလိမ့်မယ်။ မတရားအသင်းဆိုတာ ပြောရရင်တော့ ဒီနေ့အချိန်အခါမှာ သိပ်ကြီးကျယ်တဲ့ကိစ္စတော့ မဟုတ်တော့ဘူး။ ဒါကြောင့် ကျနော်တို့ကလည်း နိုင်ငံတော်ကိုပြန်ထူထောင်နေတဲ့အချိန်အခါမှာ အကုန်ငြိမ်းချမ်းရေးအဖွဲ့တွေဖြစ်ကုန်ပြီ။ ဒါက နိုင်ငံရေးအသုံးအနှုန်းကို ပုဒ်မတပ်ပြီးတော့ နိုင်ငံရေးကိစ္စကို ဖြေရှင်းတာပေါ့လေ။ ဒီပြင်လူတွေမပါဝင်နိုင်အောင် ခြိမ်းခြောက်တဲ့သဘော။ ဒါကြောင့် ဒါတွေကိုတော့ ဖျက်သိမ်းပစ်တာ အကောင်းဆုံးပဲပေါ့လေ။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013