ကတိမတည်သည့် ဝန်ကြီးများကို မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ သတိပေး
DVB
·
February 17, 2020
မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေဟာ လွှတ်တော်မှာ ပေးထားတဲ့ ကတိမတည်လို့ ဆိုပြီး မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌက သတိပေးလိုက်ပါတယ်။
ဒီကနေ့ကျင်းပတဲ့ မွန်ပြည်နယ်လွှတ်တော် ပုံမှန် အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ်တွေက ကြယ်ပွင့်ပြ မေးခွန်း ၃ ခု တင်သွင်းမေးမြန်းခဲ့ပေမယ့် မေးခွန်း ၂ ခုရဲ့ ပတ်သက်တဲ့ ဆက်စပ်မေးခွန်းတွေကို ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးတွေက ဖြေဆိုနိုင်ခြင်း မရှိပါဘူး။
လွှတ်တော်မှာ ဖြေဆိုနိုင်ခြင်းမရှိတဲ့ မေးခွန်းတွေရဲ့ အဖြေတွေကို အစိုးရအဖွဲ့ ဝန်ကြီးတွေအနေနဲ့ ၁၀ ရက်အတွင်း စာပို့ ဖြေဆိုမယ်လို့ ကတိပေးထားမယ့် သတ်မှတ်ရက်အတွင်း ရောက်လာခြင်းမရှိတဲ့အပြင် အနည်းဆုံး ၁ လကျော် အကြာမှာ ရောက်လာကြတာကြောင့် ဝန်ကြီးတွေအနေနဲ့ ပေးထားတဲ့ ကတိအတိုင်း ၁၀ ရက်အတွင်း မေးခွန်းတွေဖြေဆိုကြဖို့ မွန်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိက သတိပေးပြောပါတယ်။
ဒီနေ့လွှတ်တော်အစည်းအဝေးမှာ မေးထားတဲ့မေးခွန်းရဲ့ အဖြေတွေကို ၁၀ ရက်အတွင်း လွှတ်တော်ထံ စာပေးပို့ ဖြေသွားမယ်လို့ မွန်ပြည်နယ် စည်ပင်သာယာရေးနဲ့ ဆောက်လုပ်ရေး ဝန်ကြီး ဦးမင်းကျော်လွင်နဲ့ မွန်ပြည်နယ် စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးဝဏ္ဏကျော်တို့က ကတိပြုခဲ့ပါတယ်။
ဖေဖော်ဝါရီ ၁၇ ရက်နေ့က ကျင်းပတဲ့ မွန်ပြည်နယ် လွှတ်တော် အစည်းအဝေးမှာတော့ အစိုးရအဖွဲ့ ဆောင်ရွက်ခဲ့တဲ့ စီမံကိန်းနဲ့ ဒေသဖွံ့ဖြိုး လုပ်ငန်းစဉ်တွေ အပါအဝင် မော်လမြိုင် ကမ်းနားလမ်းရှိရာမည ဆိပ်ခံတံတား ပြင်ဆင်မွမ်းမံမှုတွေနဲ့ ပတ်သက်တဲ့ ဆက်စပ် မေးခွန်းတွေကို ကိုယ်စားလှယ်တွေက မေးမြန်းခဲ့ကြပါတယ်။
ဇော်လွင်ထွဋ်