အနာဂတ်နိုင်ငံရေးကို လူငယ်တွေ ဦးဆောင်နိုင်မလား

၂၀၁၄ ခုနှစ် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံမှာ ရှိတဲ့ လူဦးရေ ၅၁ ဒသမ ၄ သန်းထဲမှာ လူငယ်ဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့ အကျုံးဝင်တဲ့ အသက်အပိုင်းအခြားအလိုက် အချိုးအစားကို ကြည့်မယ်ဆိုရင် အသက် ၁၅ နှစ်ကနေ ၁၉ နှစ်အထိ ၉ ဒသမ ၂၀ ရာခိုင်နှုန်း၊ အသက် ၂၀ နှစ် ကနေ ၂၄ နှစ်အထိ ၈ ဒသမ ၆၁ ရာခိုင်နှုန်း၊ အသက် ၂၅ နှစ်ကနေ ၂၉ နှစ် အထိ ၈ ဒသမ ၂၅ ရာခိုင်နှုန်း၊ အသက် ၃၀ နှစ်ကနေ ၃၄ နှစ်အထိ ၇ ဒသမ ၇၅ ရာခိုင်နှုန်း ရှိတယ်လို့ သိရပါတယ်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံ စုစုပေါင်း လူဦးရေရဲ့ ၃၅ ဒသမ ၅၈ ရာခိုင်နှုန်းဟာ အသက် ၁၅ နှစ်ကနေ ၃၅ နှစ်ကြားမှာ နေတဲ့အတွက် လူငယ်ဆိုတဲ့ သတ်မှတ်ချက်ထဲမှာ ဝင်တဲ့သူတွေလို့ ပြောရမှာပါ။ ဒီအချိုးအစားအရဆိုရင် မြန်မာနိုင်ငံ လူဦးရေရဲ့ သုံးပုံတစ်ပုံဟာ လူငယ်တွေ ဖြစ်နေပါတယ်။ ဒီလို လူငယ်ဦးရေ သုံးပုံတစ်ပုံလောက် ရှိပေမယ့်လည်း နိုင်ငံရေးနဲ့ ခေါင်းဆောင်မှုပိုင်းမှာ လူငယ်ဦးရေ အတော်နည်းပါးနေသေးတာကို တွေ့ရမှာ ဖြစ်ပါတယ်။ လူငယ်တွေက ခြေမပေါ်တာလား၊ လူကြီးတွေက နေရာမပေးတာလား ဆိုတဲ့ မေးခွန်းတွေက အမြဲတစေ ပဲ့တင်ထပ်နေတတ်သလို နေရာဆိုတာ ပေးမှ ရတာလား ဆိုတဲ့ အယူအဆနဲ့ အပြန်အလှန် ဆွေးနွေးငြင်းခုံကြတာလေးတွေလည်း ရှိကြပါတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ "လူငယ်တွေဆိုတာ အမြဲငယ်နေတာ မဟုတ်ဘူး။ တစ်နေ့ကျတော့ လူကြီးဖြစ်သွားမှာ။ အဲဒီတော့ ငယ်တုန်းအချိန်မှာကိုယ့်ရဲ့လူငယ်အင်အားတွေကို မှန်မှန်ကန်ကန် သုံးဖို့လိုပါတယ်။ ပြီးတော့ ကိုယ့်ရှေ့က သွားတဲ့လူကြီးတွေဆီက သင်ခန်းစာယူတာမျိုး၊ သင်ယူတာမျိုးလည်း လုပ်ပါ။ လူကြီးတွေ လုပ်တဲ့အထဲမှာ အမှားတွေကို ကိုယ်က ပြန်ပြီးတော့ မလုပ်မိပါနဲ့။ သင်ယူတဲ့နေရာမှာလည်း ကောင်းတဲ့အရာတွေကို သေချာမှတ်ထားပြီး ပိုပြီးတာ့ ကောင်းအောင်လုပ်ပါ။ ဒီလိုနည်းနဲ့မှ ကျမတို့နိုင်ငံဟာ မျိုးဆက်တစ်ခုနဲ့တစ်ခု ပိုမိုပြီးတော့ ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံ ဖြစ်လာမှာပါ" လို့ ဒုတိယကြိမ်မြောက် မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များ၏ ထိပ်သီးညီလာခံ ၂၀၁၇ မှာ ပြောကြားသွားခဲ့ပါတယ်။ မြန်မာနိုင်ငံနဲ့ လူငယ်ရေးရာ မူဝါဒ လူငယ်ရေးရာမူဝါဒမရှိတဲ့ ကမ္ဘာ့နိုင်ငံ ၃၀ ကျော်မှာ ပါဝင်နေတဲ့ မြန်မာနိုင်ငံဟာ ၂၀၁၂ ခုနှစ်မှာတတော့ ထူးခြားတဲ့ အပြောင်းအလဲလေးတစ်ခုကို စတင်လုပ်ဆောင်ခဲ့ပါတယ်။ အဲဒါကတော့ လူငယ်အဖွဲ့တွေ၊ လူငယ်ကွန်ရက်တွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက မြန်မာနိုင်ငံမှာ လူငယ်ရေးရာ မူဝါဒ ပေါ်ပေါက်လာရေး တွန်းအားပေးခဲ့တဲ့ ဖြစ်စဉ်လေးပါ။ ဒါဟာ ကနဦးခြေလှမ်းလည်း ဖြစ်ပါတယ်။ NLD အစိုးရလက်ထက်လို့ ပြောလို့ရတဲ့ ၂၀၁၆ မေလလောက်မှာတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ်ကိုယ်စားပြု လူငယ်တွေကို အဆင့်ဆင့် ရွေးချယ်ခဲ့ပါတယ်။ လူငယ်တွေရဲ့ အကြံပြုချက်၊ ဆွေးနွေးချက်တွေကို ယူပြီး လူငယ်ရေးရာမူဝါဒ မူကြမ်းရေးဆွဲခဲ့ပါတယ်။ ၂၀၁၇ နိုဝင်ဘာ ၁၁ ရက်မှာတော့ မြန်မာနိုင်ငံလူငယ်ရေးရာ မူဝါဒကို ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးမှာ အ တည်ပြုပြဋ္ဌာန်းနိုင်ခဲ့ပြီး အများပြည်သူ သိရှိစေဖို့ ၂၀၁၈ ဇန်နဝါရီ ၅ ရက်နေ့မှာ စတင်မိတ်ဆက်ပေးခဲ့ပါတယ်။ တကယ်တော့ လူငယ်ရေးရာမူဝါဒ ဆိုတာက လူငယ်တွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်မယ့် အခြေခံအာမခံချက်တွေဖြစ်ပါတယ်။ တစ်နိုင်ငံလုံးမှာရှိတဲ့ လူငယ်တွေရဲ့ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေး၊ ယဉ်ကျေးမှု၊ ဖွံ့ဖြိုးမှု အပြင် အနာဂတ်အလားအလာကောင်းတွေကို ဖြည့်ဆည်းနိုင်မယ့် လမ်းညွှန်ချက်တွေ ချမှတ်နိုင်ရေး၊ စတာတွေအတွက် ရေးဆွဲထားတဲ့ မူဝါဒ ဖြစ်သလို လိုအပ်တဲ့ အရင်းအမြစ်တွေ၊ ပံ့ပိုးမှုတွေ၊ ဝန်ဆောင်မှုတွေကို စနစ်တကျ ဖော်ညွှန်းထားတဲ့ မူဘောင်လည်းဖြစ်ပါတယ်။ လူငယ်ရေးရာမူဝါဒမှာ အဓိကအားဖြင့် ကဏ္ဍ ၁၆ ခု ပါဝင်ပါတယ်။ ကဏ္ဍအလိုက် အကောင်အထည်ဖော်ရမယ့် အချက် ၁၂၇ ချက် ထည့်သွင်း ရေးဆွဲထားတယ်လို့လည်း သိရပါတယ်။  ပညာရေး၊ ကျန်းမာရေး၊ မူးယစ်ဆေးဝါးနဲ့ အခြားဘေးဖြစ်စေတတ်တဲ့ အန္တရာယ်တွေက ကင်းဝေးရေး ၊ အားကစား၊ အလုပ်အကိုင် အခွင့်အလမ်း၊ စီးပွားရေး၊ နိုင်ငံရေး၊ စာပေ၊ အနုပညာနဲ့ ယဉ်ကျေးမှု၊ သုတေသန၊ သိပ္ပံနဲ့ နည်းပညာ၊ ပြည်သူ့နီတိနဲ့ နိုင်ငံသားကောင်းဖြစ်မှု၊ သယံဇာတသုံးစွဲနဲ့ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး၊ ငြိမ်းချမ်းရေး/ ဘဝ လုံခြုံရေး၊ ကျား/မ ညီမျှမှုရှိရေး၊ လူ့အခွင့်အရေး၊ နိုင်ငံတကာ ဆက်ဆံရေး စတဲ့ ကဏ္ဍတွေ ပါဝင်တယ်လို့ လည်းသိရပါတယ်။ NLD နဲ့ လူငယ်မူဝါဒ NLD ပါတီက အစောပိုင်း ထုတ်ပြန်ချက်တွေအရ ဆိုရင်တော့ ကိုယ်စားလှယ်လောင်းတွေထဲမှာ အသက် ၃၅ နှစ်အောက် လူငယ်က ၁၂ ရာခိုင်နှုန်း ရှိတယ်လို့ သိရပါတယ်။ ဒါပေမယ့် အသက် ၃၅ နှစ်နဲ့ ၅၀ ကြား လူလတ်ပိုင်းက ၄၀ ရာခိုင်နှုန်းလောက် ရှိနေတာပါ။ အသက် ၅၀ နဲ့ အထက်က ၄၈ ရာခိုင်နှုန်းလောက်ရှိနေတဲ့အတွက် လူကြီးပိုင်းက ပိုများတယ်လို့ ပြောရမှာပါ။ ပညာအရည်အချင်းအရ ကြည့်ရင်တော့ ဘွဲ့ရနဲ့ ဘွဲ့လွန်ပညာတတ် ၇၅ ရာခိုင်နှုန်းရှိပြီး ၁၀ တန်းနှင့်အထက် ဘွဲ့မရ သူကတော့ ၂၂ ရာခိုင်နှုန်း လောက်ရှိပါတယ်။ ကျား၊ မ အချိုးအစားကို ကြည့်မယ်ဆိုရင်တော့ အမျိုးသား ၈၅ ရာခိုင်နှုန်းနဲ့ အမျိုးသမီး ၁၅ ရာခိုင်နှုန်း ပါဝင်တဲ့အတွက် အမျိုးသားဦးရေ လွှမ်းမိုးနေပါတယ်။ ဖွဲစည်းပုံနဲ့ အသက်ကန့်သတ်ချက် အခုနောက်ပိုင်း တိုင်းပြည်ကို ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်နေတဲ့ ကာလမှာ လူငယ်ရေးရာမူဝါဒတွေ ရှိနေသလို ကျား၊ မ တန်းတူရေးတို့ လူ့အခွင့်အရေးဆိုတာတွေကို ဦးစားပေးမှုတွေ ရှိလာပါတယ်။ အလားတူပဲ လူငယ်နိုင်ငံရေး မျိုးဆက်တွေကို နေရာပေးလာတာမျိုးတွေ ရှိတယ်ဆိုပေမယ့် နိုင်ငံရေးရာထူးတွေဖြစ်တဲ့ သမ္မတ၊ ဒုသမ္မတနဲ့ ဝန်ကြီးတွေကို ခန့်အပ်တဲ့ နေရာမှာတော့ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရသာ ခန့်အပ်ရတာဖြစ်လို့ အသက်အရွယ် ကန့်သတ်ချက်တွေရှိနေတာတော့ အမှန်ပါပဲ။ ဒါကြောင့်လည်း လူငယ်တွေအတွက် နိုင်ငံရေးရည်မှန်းချက်ကို အမြင့်ဆုံးထားလို့ မရနိုင်သေးပါဘူး။  သမ္မတ လုပ်မယ်ဆိုရင်တော့ အသက် ၄၅ နှစ် ပြည့်ပြီးသူ ဖြစ်ရမှာဖြစ်ပြီး ပြည်ထောင်စု ဝန်ကြီးတွေကိုတော့ အသက် ၄၀ နှစ် ရှိရမယ်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေက သတ်မှတ်ထားပါတယ်။ ပြည်သူ့လွှတ်တော်မှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် အနည်းဆုံး ၂၅ နှစ် ရှိရမှာဖြစ်ပြီး အမျိုးသား လွှတ်တော်အတွက်ကိုတော့ ၃၀ နှစ်ရှိရမှာပါ။ ဒါပေမယ့်လည်း လက်တွေ့မှာတော့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ကန့်သတ်ထားတာထက် ပိုပြီးကြီးရင့်တဲ့အရွယ်တွေ ဖြစ်နေပါတယ်။ ဥပမာ ပြည်ထောင်စုဝန်ကြီးအဆင့်တွေဟာ အသက် ၅၀ နဲ့ ၈၀ ကြားအရွယ်တွေ ဖြစ်နေတဲ့အတွက် မြန်မာ့နိုင်ငံရေးဟာ သက်ကြီးပိုင်းတွေ လွှမ်းမိုးထားတဲ့ နိုင်ငံရေးလားဆိုတာမျိုး ပြောဆိုနေကြတာတွေလည်း ရှိပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ "အနာဂတ်ကို တည်ဆောက်တဲ့ ကိစ္စဆိုတာဟာ ဘယ်တော့မှ မပြီးနိုင်တဲ့ ကိစ္စဖြစ်လို့ ဘယ်မျိုးဆက်ရဲ့ခေတ်မှာမှ ဒီအလုပ်ဟာ ပြီးမှာမဟုတ်ပါဘူး။ ဒါကြောင့်မို့ လူတိုင်း လူတိုင်းဟာ နိုင်ငံအနာဂတ်ရဲ့ ဗိသုကာကောင်းများဖြစ်ဖို့လိုပါတယ်။ ဖြစ်အောင်ဆိုရင်တော့ အရည်အချင်းရှိအောင် ကြိုးစားရမယ် " လို့ နေပြည်တော်က မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာနမှာ ကျင်းပတဲ့ မြန်မာနိုင်ငံ လူငယ်ရေးရာ မူဝါဒမိတ်ဆက် ဖြန့်ချိခြင်း အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။ ဒီနေ့ခေတ်မှာတော့ တိုင်းပြည်ပွင့်လန်းလာတဲ့အတွက် လူငယ်တွေ နိုင်ငံရေးကို ယခင်ကထက် ပိုပြီး စိတ်ဝင်စားလာတာမျိုးတွေ ရှိနေပါတယ်။ နိုင်ငံရေးကို activist ဆန်ဆန် လုပ်တာမျိုးမဟုတ်ဘဲ professional ကျကျ လုပ်လိုတဲ့ လူငယ်တွေလည်း ရှိလာပါတယ်။ ဒါပေမယ့် လူငယ်တွေအပေါ် လူ့အဖွဲ့အစည်းက ဘယ်လောက် ယုံကြည်သလဲ ဆိုတာကလည်း မေးခွန်းထုတ်စရာဖြစ်နေပါတယ်။ အများအားဖြင့်တော့ လူငယ်ဆိုတာ အတွေ့အကြုံနည်းသေးတဲ့ အတွက်အမှားမခံတဲ့ နိုင်ငံရေးမှာ လူငယ်တွေကို နေရာပေးဖို့ဆိုတဲ့ အနေအထားမျိုးတွေက လွယ်လွယ်နဲ့ဖြစ်လာပါ့မလား။ ယမင်းမြတ်အေး

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up