Home
မြန်မာသတင်း
ဖမ်းဆီးခံရသည့် ရမ်းဗြဲအန်အယ်လ်ဒီဘဏ္ဍာရေးမှူး၏ အသက်အန္တရာယ် ဇနီးဖြစ်သူ စိုးရိမ်
ဝဏ္ဏခွာညို
·
February 16, 2020
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) အလုပ်အမှုဆောင်အဖွဲ့ဝင် ဘဏ္ဍာရေးမှူး ဦးဇေယျာမင်းအား လက်နက်ကိုင်အဖွဲ့တခုက ဖမ်းဆီးခေါ်ဆောင်သွားတာ တပတ်ကျော်ကြာပြီဖြစ်ပြီး တစုံတရာ သတင်းမရတာကြောင့် အသက်အန္တရာယ်အတွက် စိုးရိမ်ကြောင်း ဇနီးဖြစ်သူ ဒေါ်မြင့်မြင့်သန်းက ဒီဗွီဘီကို ပြောပါတယ်။ “ဘာသတင်းမှ မကြားရသေးပါဘူး။ ကျမ အရမ်းစိုးရိမ်ပါတယ်။ အသက်အန္တရာယ် တခုခုများ လုပ်လိုက်ပြီလား၊ ဖမ်းထားတဲ့ အဖွဲ့အစည်းတွေကပေါ့။ အေအေကလည်း သူတို့ မဖမ်းဘူးလို့ ပြောတယ်။ စစ်တပ်ကလည်း သူတို့ မဖမ်းဘူးဆိုပြီးတော့ အဲ့လိုငြင်းနေကြတယ်။ ဒါပေမဲ့ ဒီနှစ်ဖွဲ့မှာ တဖွဲ့ကတော့ ကျမယောကျ်ားကို ဖမ်းပါတယ်။ အခုက သူတို့က တာဝန်ယူမှု တာဝန်ခံမရှိဘူး ဖြစ်နေကြတယ်။” တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်အေအေတို့ နှစ်ဖက်စလုံး ဘယ်အဖွဲ့အစည်းက ဖမ်းဆီးတာပဲဖြစ်ဖြစ် အမြန်ဆုံးပြန်လွှတ်ပေးဖို့လည်း ဇနီးဖြစ်သူ ပြောပါတယ်။ ရမ်းဗြဲ အန်အယ်လ်ဒီ ဘဏ္ဍာရေးမှူး ဦးဇေယျာမင်း ပျောက်ဆုံးသွားတာနဲ့ပတ်သက်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီရုံးချုပ်ကို အကြောင်းထားပေမယ့် ရုံးချုပ်က တစုံတရာ ဆက်သွယ်မေးမြန်းတာမရှိဘူးလို့ ဇနီးဖြစ်သူက ပြောဆိုပါတယ်။ ယောကျ်ားဖြစ်သူ ဖမ်းဆီးခံထားရတာကြောင့် သားသမီး ကလေးငယ် နှစ်ယောက်နဲ့ ရုန်းကန်နေရတာ အခက်အခဲ ကြုံနေရတယ်လို့ ဆိုပါတယ်။ ရမ်းဗြဲမြို့နယ် အန်အယ်လ်ဒီ အလုပ်မှုဆောင် အတွင်းမှူး ဦးခင်ရီက “ဘယ်ကအဖွဲ့ကပဲ ဖမ်းဖမ်း၊ ဆွဲဆွဲပေါ့ဗျာ။ ကျနော်တို့လူ ကျန်းကျန်းမာမာနဲ့ ပြန်လွှတ်ဖို့အရေးပဲ ဆုတောင်းမေတ္တာပို့နေရတယ်။ ကျနော်တို့လည်း ဘာမှမတတ်နိုင်ဘူး။ ပြီးတော့ ရဲစခန်းကိုလည်း တိုင်ချက်ဖွင့်ပြီးပြီ။ သူတို့ပဲ ဆက်လုပ်ကြရမှာပေါ့။ ကျနော်တို့ဗဟိုရုံးကိုလည်း တင်ပြထားတယ်။ ပြည်နယ်ကိုလည်း တင်ပြထားတယ်” လို့ ပြောပါတယ်။ ရမ်းဗြဲမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင်ဘဏ္ဍာရေးမှူး ဦးဇေယျာမင်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၈ ရက်နေ့ ညနေပိုင်း အလုပ်ပြန်တဲ့အချိန် လက်နက် ကိုင်ဆောင်ထားတဲ့သူ ၈ ဦးကနေ ဖမ်းဆီးခဲ့တာဖြစ်ပြီး ဖမ်းဆီးသွားတဲ့နေရာဟာ ရမ်းဗြဲမြို့နယ်နဲ့ ၁၀ မိုင်လောက်သာ ကွာဝေးတယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024