DVB Logo
Home
လွှတ်တော်/ဥပဒေရေးရာ
ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်း လုပ်ငန်း ဥပဒေကြမ်း လွှတ်တော်တင်
DVB
·
March 7, 2013
ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်း လုပ်ငန်း ဥပဒေကြမ်း လွှတ်တော်တင်
Donate to DVB

ကန့်ကွက်မှုတွေရှိနေတဲ့ကြားက ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်း လုပ်ငန်း ဥပဒေကြမ်းကို ပြန်ကြားရေးဝန်ကြီးက ပြည့်သူ့လွှတ်တော်ကို ဒီနေ့ တင်သွင်းလိုက်ပါတယ်။

ပြန်ကြားရေး ၀န်ကြီး ဦးအောင်ကြည်က တင်သွင်းလိုက်တာ ဖြစ်ပြီး ဥပဒေကြမ်း တင်သွင်းရတာနဲ့ ပတ်သက်ပြီး ၀န်ကြီး ဦးအောင်ကြည် ပြောသွားတာကို ပြည်သူ့လွှတ်တော် အမတ် ဦးရဲထွန်းက အခုလို ရှင်းပြပါတယ်။

“၀န်ကြီး လာရှင်းပြတဲ့အထဲမှာ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းလုပ်ငန်းဥပဒေကြမ်းကို တင်ရခြင်းအကြောင်းရင်းက စာပေစိစစ်ရေးအဖွဲ့ကို ဖျက်သိမ်းလိုက်ပြီး နောက်ပိုင်းမှာ ညစ်ညမ်းစာတွေ ဒါမှမဟုတ် လောာင်းကစားကို အားပေးတဲ့ အရေးအသားတွေ။ နောက် ကျနော်တို့ ယဉ်ကျေးမှုနဲ့မကိုက်ညီတဲ့ ညစ်ညမ်းတဲ့ဖော်ပြချက်တွေ။ နောက် ဘာသာရေးနဲ့ ပတ်သက်ရင်လည်း ထေရ၀ါဒဗုဒ္ဓဘာသာနဲ့ ဆန့်ကျင်တဲ့ ဟောပြောချက်၊ ရေးသားချက်တွေ၊ အဲလိုဟာတွေ ဆိုးဆိုးဝါးဝါး ဖြစ်လာတယ်ဆိုတာ သူတို့ စစ်ဆေးတွေ့ရှိရတယ်ပေါ့လေ။ ဒါကြောင့် သူတို့ပြုစုခိုင်းထားတဲ့ မီဒီယာဥပဒေကို မစောင့်တော့ဘဲနဲ့ ဒါနဲ့ထိန်းကွပ်မှဖြစ်မယ်ဆိုပြီး ထောင်ချတဲ့ ပြစ်ဒဏ်ပေးတာကို တတ်နိုင်သမျှ ရှောင်ထားတယ်လို့ ဆိုပါတယ်။”

ဒါ့အပြင် စာပေစိစစ်ရေးကဲ့သို့ စိစစ်ခံစရာ မလိုဘဲ ပြန်ကြားရေး ၀န်ကြီးဌာနက တာဝန်ပေးထားတဲ့ အဖွဲ့က စစ်ဆေးတွေ့ရှိမှသာ ထုတ်ဝေခွင့်ကို ရပ်နားထားခိုင်းလိုက်မှာ ဖြစ်ကြောင်းနဲ့ စာပေ စိစစ်ရေးရှိစဉ်ကထက် ပိုမိုပျော့ပျောင်း လွတ်လပ်ခွင့်ပေးထားကြောင်း ၀န်ကြီးက ပြောတယ်လို့ ဆိုပါတယ်။

ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီက ပြင်ဆင်ချက် ၂၈ ချက်နဲ့ အသစ်ဖြည့်စွက်ချက် ၂ ချက် သဘောထား မှတ်ချက်ပေးခဲ့တယ်လို့လည်း ဆိုပါတယ်။

ဥပဒေမှာ ပုဒ်မ (၁၆) ဖြစ်တဲ့ မှတ်ပုံမတင်ဘဲ လုပ်ကိုင်တဲ့ သတင်းအေဂျင်စီလုပ်ငန်း လုပ်ကိုင်ရင်၊ ပုဒ်မ (၁၉) ဖြစ်တဲ့ လုပ်ငန်းအသိအမှတ်ပြု လက်မှတ် ရုပ်သိမ်းထားစဉ်အတွင်းမှာ ထုတ်ဝေဖြန့်ချိပါက ငွေဒဏ် ကျပ်သိန်း ၅၀ ကနေ ၁၀၀ ချမှတ်ခံရမှာဖြစ်ပြီး ဒဏ်ငွေ မဆောင်နိုင်ရင် ထောင်ဒဏ် ၆ လ ချမှတ်ခံရမှာ ဖြစ်ပါတယ်။

ပုဒ်မ (၈) အရ တရားမ၀င်ထုတ်ဝေစာအဖြစ် ကြေညာထားတဲ့ ထုတ်ဝေစာတွေကို ပြည်တွင်း ပြည်ပကို တင်သွင်းမယ်၊ ပုံနှိပ်ထုတ်ဝေ ရောင်းချမယ်ဆိုရင် ငွေဒဏ် ကျပ် ၁၀ သိန်းကနေ ၁၅ သိန်းထိ၊ ဒဏ်ငွေမဆောင်ပါက ထောင်ဒဏ် ၃ လ ချမှတ်ခံရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။

ဒါ့အပြင် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဆန့်ကျင်ရေးသားတာ၊ ဆူပူအကြမ်းဖက်တာတွေ ဖြစ်အောင် လှုံ့ဆော်ရေးသားတာတွေကိုလည်း ပုဒ်မ ၇ အရ တားမြစ်ထားပါတယ်။ အဲဒီသတ်မှတ်ချက်တွေ အနက်က ထောင်ဒဏ်တွေကို ပယ်ဖျက်ပေးခဲ့တာလို့ ဦးရဲထွန်းက ပြောပါတယ်။

ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေကြမ်းဟာ စာပေစိစစ်ရေးလုပ်ငန်း မရှိတော့ပေမယ့် ပြန်ပြီးထိန်းချုပ် ကန့်သတ်ထားတာတွေ ရှိနေတယ်လို့ မြန်မာနိုင်ငံ သတင်းစာဆရာများအသင်းက ပြောဆိုခဲ့သလို သတင်းမီဒီယာတွေကလည်း ကျယ်ကျယ်ပြန့်ပြန့် ကန့်ကွက်တာတွေကို လုပ်ဆောင်ခဲ့ပါတယ်။

ဒီဥပဒေဟာ ၁၉၆၂ ပုံနှိပ်သူများနဲ့ ထုတ်ဝေသူများ မှတ်ပုံတင်ဥပဒေကို အစားထိုးမယ့် ဥပဒေလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013