ခံစစ်ပိတ်ကစားရာတွင် ဇီယက်သည် ချဲလ်ဆီးအတွက် အကူအညီဖြစ်စေမည်ဟု နည်းပြပြော

695
ဟာကင်ဇီယက်ဟာ အံ့သြစရာကောင်းတဲ့ ကစားသမားတဦးဖြစ်ပြီး ပိတ်ဆော့တဲ့ အသင်းတွေနဲ့ ရင်ဆိုင်ရာမှာ ချဲလ်ဆီးအသင်းကို အကူအညီ ဖြစ်စေလိမ့်မယ်လို့ လမ်းပတ်က ပြောပါတယ်။
အသက် ၂၆ နှစ် အရွယ် မော်ရိုကို လက်ရွေးစင်ဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ ချဲလ်ဆီးအသင်းကို အေဂျက်ဇ်အသင်းကနေ ပြောင်းရွှေ့ဖို့ ပေါင် ၃၃ ဒသမ ၃ သန်းနဲ့ သဘောတူညီမှုရရှိခဲ့ပြီး ဒီရာသီကုန်မှာ ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့ရောက်ရှိလာမှာပါ။
ချဲလ်ဆီးအသင်းဟာ ဒီရာသီမှာ ခံစစ်ကို အထိုင်ချတဲ့ အသင်းတွေနဲ့ ရင်ဆိုင်ရာမှာ ရုန်းကန်နေရတာ တွေ့ရပါတယ်။
နိုဝင်ဘာက စတင်ပြီး အသင်းဟာ ပွဲတချို့မှာ ဘောလုံးပိုင်ဆိုင်ခွင့် အသာစီး ရရှိခဲ့ပေမယ့် ဝက်စ်ဟမ်း၊ ဘုန်းမောက်၊ နယူးကာဆယ်နဲ့ ဆောက်သမ်တန်အသင်းတို့နဲ့ ပွဲစဉ်တွေမှာ ဂိုးမသွင်းနိုင်ခဲ့ပါဘူး။
“ပြီးခဲ့တဲ့နှစ် အေဂျက်ဇ်အသင်းရဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွေကို ကြည့်ရှုမိတဲ့အခါမှာ ဇီယက်က ကျနော့်မျက်စိထဲ ပထမဆုံး ဝင်လာခဲ့တဲ့က စားသမားပါ။ သူဟာ တကယ့်ကို ထူးချွန်တဲ့ ကစားသမား ဖြစ်ပြီးတော့ စပါးအသင်းနဲ့ပွဲစဉ်မှာ အထူးကို ထင်ရှားခဲ့ပါတယ်။ ကျနော်တို့ ဒီရာသီမှာ နှစ်ကြိမ် တွေ့ဆုံခဲ့ပြီးတော့ ကျနော် သူ့အကြောင်းကို တော်တော်လေး လေ့လာဖြစ်ခဲ့ပါတယ်။ သူဟာ ကောင်းမွန်တဲ့ ဘယ်ခြေထောက်တချောင်း ပိုင်ဆိုင်ထားပြီး သာမန်အားဖြင့်တော့ ကွင်းရဲ့ ညာဘက်ခြမ်းမှာ ကစားလေ့ရှိပါတယ်။ ဒါပေမဲ့ သူဟာ တိုက်စစ်ကစားသမားရဲ့ နောက်မှာလည်း ကစားနိုင်စွမ်းရှိပါတယ်” လို့ လမ်းပတ်က ပြောပါတယ်။
ဇီယက်ဟာ လမ်းပတ်ရဲ့ ဇန်နဝါရီ ပစ်မှတ်တွေထဲကတဦး ဖြစ်ပေမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာတော့ အပြောင်းအရွှေ့ကို အပြီးမသတ်နိုင်ခဲ့ပါဘူး။ တဖက် အေဂျက်ဇ်အသင်းဟာ ဒီရာသီမှာ ဥရောပလိဂ်၊ ပြည်တွင်းလိဂ်ဖလားနဲ့ ပြည်တွင်းအမှတ်ပေးဇလားတို့ကို ယှဉ်ပြိုင်နေရတာကြောင့် အသင်းအတွက် အရေးပါတဲ့ ကစားသမားတဦးကို ရာသီဝက်မှာ လက်မလွှတ်လိုတာ ဖြစ်ပါတယ်။
“ဒီရာသီ ကျနော်တို့အသင်း ကန်တဲ့ပွဲတွေကို ကြည့်မယ်ဆိုရင် ကျနော်တို့ဟာ ခံစစ်ပိတ် ကစားတဲ့ အသင်းတွေနဲ့ ရင်ဆိုင်ခဲ့ရတာ တွေ့ရပါတယ်။ သူဟာ ကျနော်တို့အတွက် ကွဲပြားခြားနားမှုကို ယူဆောင်လာနိုင်ပြီး ဖန်တီးမှုအားကောင်းတဲ့ ကစားသမားတဦး ဖြစ်ပါတယ်။ သူဟာ ဂိုးတွေ သွင်းယူနိုင်ရုံတင် မဟုတ်ဘဲ ဂိုးဖန်တီးမှုတွေလည်း ပြုလုပ်နိုင်သူ ဖြစ်ပါတယ်။ သူ အခု အသင်းကို မရောက်လာသေးပါဘူး။ ဒါပေမဲ့ သူဟာ လာမယ့်ရာသီ အသင်းကို ရောက်လာတော့မယ်ဆိုတာကြောင့် ဝန်ထမ်းတွေနဲ့ ပရိသတ်တွေက တကယ်ကို စိတ်လှုပ်ရှားနေကြပါတယ်” လို့လည်း လမ်းပတ်က ဆက်လက်ပြောဆိုပါတယ်။
ဇီယက်ဟာ လမ်းပတ်ရဲ့ ချဲလ်ဆီးနည်းပြဘဝ ပထမဆုံး ကစားသမား ခေါ်ယူမှု ဖြစ်ပြီး ရာသီကုန်ဆုံးချိန်မှာ နောက်ထပ်ကစားသမားတွေကို ခေါ်ယူဖို့ ရှိနေတယ်လို့လည်း လမ်းပတ်က အရိပ်အမြွက် ပြောပါတယ်။