DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးလမ်းလျှောက်သူများ ရရှိသည့်ငွေများကို ဒုက္ခသည်စခန်းတွင် လှူဒါန်း
DVB
·
March 7, 2013
Donate to DVB

ရန်ကုန်ကနေ လိုင်ဇာအထိ ငြိမ်းချမ်းရေးလမ်းလျှောက်သူတွေဟာ မြစ်ကြီးနားကို ၁၂ ရက်နေ့လောက် ရောက်ရှိမှာ ဖြစ်ပြီး လမ်းမှာရရှိတဲ့ အလှူငွေတွေကို မြစ်ကြီးနားနဲ့ ၀ိုင်းမော် ဒုက္ခသည် စခန်းတွေဆီကို သွားရောက်လှူဒါန်းမယ်လို့ လမ်းလျှောက်ရာမှာ ပါဝင်တဲ့ ကိုဇင်ကိုကိုက ပြောပါတယ်။

“၁၂ ရက်နေ့ မြစ်ကြီးနားရောက်မယ်။ မြစ်ကြီးနားမှာ ၃-၄ ရက်လောက် နားမယ်။ မြစ်ကြီးနားနဲ့ ၀ိုင်းမော်မှာရှိတဲ့ ရွှေ့ပြောင်းနေထိုင်သူများ ဒုက္ခသည်စခန်းတွေကို လိုက်ကြည့်ပြီး အလှူငွေလိုက်ပေးမယ်။ ပြီးတာနဲ့ လိုင်ဇာဘက်ကို ဆက်ထွက်မယ်။ ၂၀ ရက်နေ့လောက်ဆို လိုင်ဇာရောက်ပြီ။”

ဒီအဖွဲ့ဟာ အလှူငွေ သိန်း ၂၂၀ ရရှိခဲ့ပြီး ရန်ကုန်ကနေထွက်လာခဲ့အချိန်မှာ မြေမြှုပ်မိုင်းထိတဲ့သူကို ၂ သိန်း၊ မိုးညှင်းဒုက္ခသည်စခန်းမှာ ၁၀ သိန်း၊ မိုးကောင်းက ဒုက္ခသည်စခန်း ၃ ခုမှာလည်း ၁၀ သိန်းကျော် လှူဒါန်းခဲ့တယ်လို့ လမ်းလျှောက်ရာမှာ ပါဝင်တဲ့ ကိုရန်နိုင်ထွန်းက ပြောပါတယ်။

“ကျနော်တို့လက်ထဲမှာ သိန်း ၂၀၀ ကျော်ကျော်လောက် ရှိသေးတယ်။ ဒါတွေကို ဖြန့်ပြီးလှူမယ်။ တကယ်ကိုလိုအပ်နေတဲ့ ဒုက္ခသည်စခန်းတွေကို ကျနော်တို့ အီးစီအဖွဲ့နဲ့ တိုင်ပင်ပြီးတော့ အားလုံးလှူရင်လည်း လှူမယ်။ အီးစီအဖွဲ့တွေနဲ့ ယာယီသဘောတူထားချက်ကတော့ ၀ိုင်းမော်နဲ့ လိုင်ဇာကို အဓိကထား လှူမယ်။”

ရန်ကုန်က စတင်ထွက်ခွာစဉ် အာဏာပိုင်တွေက တားမြစ်ခဲ့ပေမယ့် လမ်းမှာတော့ မတားဆီးဘဲ ကူညီစောင့်ရှောက်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ငြိမ်းချမ်းရေး လမ်းလျှောက်သူတွေ လိုင်ဇာကို ချီတက်တာ ၄၆ ရက် ရှိပြီဖြစ်ပြီး အခုအချိန်မှာ နမ္မတီးကို ရောက်ရှိလာကာ လူအင်အား ၁၃၀ နီးပါး ရှိသွားပြီလို့ ပြောပါတယ်။

ဒီအထဲက လမ်းလျှောက်သူ ၆ ဦးဟာ ကျန်းမာရေး အခြေအနေကြောင့် မြစ်ကြီးနား ဆေးရုံမှာ ဆေးကုသ ခံနေရပါတယ်။

မတ်လ ၂၀ ရက်နေ့မှာ လိုင်ဇာကို ရောက်ရှိဖို့ မျှော်လင့်နေပြီး လိုင်ဇာက ဒုက္ခသည် စခန်းတွေကိုလည်း သွားရောက်မယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013