မန်စီးတီးအသင်း ချန်ပီယံလိဂ်ဝင်ခွင့် နှစ်ရာသီ ပိတ်ပင်ခံရ

Picture: Getty
UEFA က မန်စီးတီးအသင်းကို ချန်ပီယံလိဂ်ပြိုင်ပွဲ ဝင်ရောက်ခွင့်ကနေ နှစ်ရာသီ ပိတ်ပင်ခဲ့ခြင်းကြောင့် ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်းများ အခွင့်အရေးရရှိလာနိုင်ပါတယ်။ မန်စီးတီးအသင်းဟာ ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို ပြင်းပြင်းထန်ထန် ချိုးဖောက်ခဲ့တဲ့အတွက် အသင်းကို ဥရောပကလပ်အသင်းများဆိုင်ရာ ပြိုင်ပွဲတွေကနေ ၂၀၂၀-၂၀၂၁ ရာသီနဲ့ ၂၀၂၁-၂၀၂၂ ရာသီတွေမှာ ဝင်ရောက်ခွင့်ပိတ်ပင်ခဲ့တယ်လို့ UEFA က ဖေဖော်ဝါရီ ၁၄ ရက်မှာ ကြေညာလိုက်ပါတယ်။ ဒါ့အပြင် လက်ရှိချန်ပီယံ မန်စီးတီးအသင်းကို ဒဏ်ငွေ ပေါင် ၂၅ သန်းလည်း ချမှတ်ခဲ့ပြီးတော့ အသင်းဟာ ဒီပြစ်ဒဏ်ကို အားကစားဆိုင်ရာ သမာဓိခုံရုံးမှာ အယူခံဝင်နိုင်မှာ ဖြစ်ပါတယ်။  မန်စီတီးအသင်းဟာ ဒီပြစ်ဒဏ်ကို အယူခံဝင်မယ်လို့ အတည်ပြုခဲ့ပေမယ့် အယူခံ မအောင်မြင်ခဲ့ရင်တော့ ပရီးမီးယားလိဂ်မှာ အဆင့် ၅ ရရှိတဲ့အသင်းဟာ ချန်ပီယံလိဂ် ပြိုင်ပွဲဝင်ခွင့် ရရှိလာနိုင်ခြေ ရှိပါတယ်။ လက်ရှိအချိန်အထိ မန်စီးတီးအသင်းနဲ့ ပတ်သက်ပြီး UEFA နဲ့ ပရီးမီးယားလိဂ် အဖွဲ့ချုပ်တို့က တစုံတရာ အတည်ပြုပြောဆိုထားတာ မရှိပေမယ့် UEFA ရဲ့ ဥရောပကလပ် အသင်းပြိုင်ပွဲများ ဝင်ရောက်ခွင့်ဆိုင်ရာ ပုဒ်မ ၄ ဒသမ ၀၈ အရ “ပြိုင်ပွဲကို ဝင်ရောက်ခွင့်မရတဲ့ အသင်းတသင်းရဲ့နေရာမှာ တူညီတဲ့ပြိုင်ပွဲမှာ နောက်ထပ်အဆင့်အကောင်းဆုံးနေရာမှာရှိတဲ့ အသင်းကနေ အစားထိုးဝင်ရောက်ခွင့် ရရှိမှာ ဖြစ်ပါတယ်” လို့ ဖော်ပြထားပါတယ်။ ဒီလိုအခြေအနေမျိုးက လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ ချဲလ်ဆီးအသင်းရဲ့ အဆင့် ၄ နေရာကို ခြိမ်းခြောက်လာတဲ့ ရှက်ဖီးလ်အသင်း၊ စပါးအသင်း၊ အဲဗာတန်အသင်း၊ မန်ချက်စတာယူနိုက်တက်အသင်း၊ ဝုဗ်အသင်းနဲ့ အာဆင်နယ်အသင်းတို့အတွက် အခွင့်အရေးတခု ဖြစ်လာနိုင်ပါတယ်။  ဒါ့အပြင် ဒီအချက်ဟာ လက်ရှိအဆင့် ၄ နေရာမှာ ရပ်တည်နေပြီးတော့ အမှတ်ပေးပြိုင်ပွဲ ပြီးဆုံးချိန်မှာ အဆင့် ၅ နေရာကို ရောက်ရှိသွားဖို့ စိုးရိမ်မှု ရှိနေတဲ့ နည်းပြ ဖရန့်လမ်းပတ်အတွက် သတင်းကောင်းတခုလည်း ဖြစ်လာနိုင်ပါတယ်။  UEFA ရဲ့ ကြေညာချက် ထွက်ပေါ်လာပြီးနောက် မန်စီးတီးအသင်းက ဒီပြစ်ဒဏ်အတွက် စိတ်ပျက်မိပေမယ့် မအံ့သြမိကြောင်း၊ သို့သော် ပြစ်ဒဏ်အတွက် အယူခံဝင်သွားမှာ ဖြစ်ကြောင်း ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up