ရေးမြို့နယ်တွင် ဝါးဈေးမြင့်၊ ကုန်ကြမ်းပြတ်လပ်
DVB
·
February 15, 2020
မွန်ပြည်နယ် ရေးမြို့နယ်မှာ အခုနှစ် ဝါးဈေးဟာ ပြီးခဲ့တဲ့နှစ်တွေထက် ဈေးနှုန်း မြင့်တက်လာသလို ဝါးကုန်ကြမ်း ပြတ်လပ်မှုနဲ့လည်း ကြုံတွေ့ရတယ်လို့ ဝါးထရံ လုပ်ကိုင်သူတွေက ပြောပါတယ်။
ရေးမြို့နယ်မှာ ဝါးတောအစား အစားထိုးသီးနှံတွေ ပြောင်းလဲစိုက်ပျိုးတဲ့သူတွေ များပြားလာသလို ဝါးခုတ်ပြီး ပြန်လည်အစားထိုးစိုက်ပျိုး ထိန်းသိမ်းတဲ့သူတွေ မရှိတဲ့အတွက် ဝါးတော ပြုန်းတီးလာတဲ့အပြင် သယ်ယူစရိတ် မြင့်တက်တာကြောင့် ဝါးကုန်ကြမ်းဈေး မြင့်တက်ရတာလို့ ဝါးထရံ ထုတ်လုပ်သူတွေက ပြောပါတယ်။
အရင်နှစ်က ဝါးဈေးဟာ တလုံးကို ကျပ် ၅ဝဝ ကနေ အခုနှစ်မှာတော့ ကျပ် ၈၀၀ အထိ ဈေးရှိလာတာကြောင့် ၁ လုံးကို ၃၀၀ ကျပ်အထိ မြင့်တက်လာတာပါ။
ဝါးထ ရံအရောင်းအဝယ်က အရင်နှစ်တွေက နေအိမ်တွေအပြင် လမ်းတံတားစီမံကိန်း ၀န်ထမ်းအိမ်ရာမှာ ယာယီနေဖို့ ပိုမိုသုံးစွဲလာတာကြောင့် အခုလိုဝါးဈေးတက်ပြီး ကုန်ကြမ်း ရှားပါးမှုနဲ့ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။
ရေးမြို့နယ်မှာ ဝါးထရံကို အရင်က ၁ ပေ ကျပ် ၁၂၀ ကနေ အခုဆို ကျပ် ၁၇၀ အထိ ဈေးရှိနေပါတယ်။ ဝါးထရံထုတ်လုပ်သူ ၁၀ ဦးရှိပြီး လုပ်အားခ တနေ့ကို ၇၀၀၀ ကျပ်အထိ ရရှိကြပေမယ့် အခြေခံစားသောက်ကုန်တွေ မြင့်မားနေတာကြောင့် မိသားစု စားဝတ်နေရေး မလုံလောက်ကြဘူးလို့ သိရပါတယ်။
နေမျိုးထွဋ်