Homeမြန်မာသတင်း
ကိုရိုနာဗိုင်းရပ်စ်ကြောင့် အစိုးရနှင့် မြောက်ပိုင်း ၄ ဖွဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ မစနိုင်သေး
ကိုရိုနာဗိုင်းရပ်စ်ကြောင့် အစိုးရနှင့် မြောက်ပိုင်း ၄ ဖွဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ မစနိုင်သေး
DVB
·
February 14, 2020
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါပျံ့နှံ့ဖြစ်ပွားနေတဲ့ အခြေအနေကြောင့် အစိုးရနဲ့ မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင် ၄ ဖွဲ့ တွေ့ဆုံဆွေးနွေးပွဲရက်ကို လက်ရှိအချိန်ထိ မညှိနှိုင်း နိုင်သေးဘူး လို့ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့က ပြောပါတယ်။
၂၀၁၉ ဒီဇင်ဘာက တရုတ်နိုင်ငံ ကူမင်းမြို့မှာ အစိုးရနဲ့ မြောက်ပိုင်းလေးဖွဲ့ ဆွေးနွေးခဲ့ပြီး Bilateral အပစ်ရပ်စဲရေး ဆက်လက်ညှိနှိုင်းရေးကို ဇန်နဝါရီမှာတွေ့ဆုံဖို့ သဘောတူထားခဲ့တာပါ။
ဒါပေမယ့် တရုတ်နှစ်သစ်ကူးကာလရှိနေတာကြောင့် ဖေဖော်ဝါရီလလယ်ပိုင်းမှာ ကျင်းပဖို့ အစိုးရဘက်က ပြောဆိုထားပြီး မြောက်ပိုင်းလေးဖွဲ့ကိုလည်း အဲဒီအတိုင်းသာ အကြောင်းကြား ထားတယ်လို့ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (ပီစီဂျီ)မှ ဦးခွန်းအောင်က ပြောပါတယ်။
လက်ရှိမှာတော့ တရုတ်နိုင်ငံက စတင်ပြန့်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ကူး စက်ရောဂါကြောင့် အစိုးရနဲ့ မြောက်ပိုင်း လက်နက်ကိုင်လေးဖွဲ့ဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ)၊ တအာင်းလက်နက်ကိုင်အဖွဲ့ (တီအန်အယ်လ်အေ)၊ ကိုးကန့်အဖွဲ့ (အမ်အန်ဒီအေအေ)နဲ့ ရက္ခိုင့် တပ်တော် (အေအေ)တို့အကြားဆွေးနွေးပွဲ ကျင်းပဖို့ရက်ကို ထပ်မဆွေးနွေးနိုင်သေးဘူးလို့ ဦးခွန်းအောင်က ပြောပါတယ်။
အဲဒီဆွေးနွေးပွဲနဲ့ပတ်သက်တဲ့ အခြေအနေတွေကို လက်ရှိအချိန်အထိဘာမှ မသိရသေးဘူးလို့ လည်း အေအေလက်နက်ကိုင်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောပါတယ်။
အစိုးရနဲ့ မြောက်ပိုင်းလေးဖွဲ့ဟာ ၂၀၁၉ အတွင်း စုစုပေါင်း ၅ ကြိမ်တွေ့ဆုံပြီး အပစ်ရပ်စဲရေးညှိနှိုင်းခဲ့ကြပေမယ့် ပြေလည်မရှိမရှိသေးလို့ ဆွေးနွေးပွဲတွေ ဆက်လုပ်ဖို့ ကြိုးစားနေကြတာပါ။
လတ်တလောမှာလည်း ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တပ်မတော်နဲ့အေအေအဖွဲ့တွေကြား တိုက်ပွဲတွေက နေ့စဉ်ရက်ဆက်ဆိုသလို ဖြစ်နေပြီး အခုရက်ပိုင်းမှာ တိုက်ပွဲတွေက ပိုမို ပြင်းထန်နေတာပါ။
ဆွေးနွေးပွဲကိစ္စနဲ့ပတ်သက်လို့ အစိုးရကိုယ်စားလှယ်အဖွဲ့ဝင်တွေကို ဆက်သွယ်မေးမြန်း ပေမယ့်လည်း ဆက်သွယ်လို့မရသေးပါဘူး။
ထက်ဝေအောင်