ရခိုင်ပြည်နယ်တွင် တိုက်ပွဲများရပ်တန့်ရန် ဗြိတိန်နှင့် ကနေဒါတိုက်တွန်း
DVB
·
February 14, 2020
ရခိုင်ပြည်နယ်မှာ ပဋိပက္ခဖြစ်ပွားနေတဲ့ တပ်မတော်နဲ့ အေအေ နှစ်ဖက်စလုံး တိုက်ပွဲတွေ ရပ်ဆိုင်းပြီး ပြည်သူတွေကို အစွမ်းကုန် အကာအကွယ်ပေးဖို့ ယူကေအစိုးရအနေနဲ့ တိုက်တွန်းတဲ့ အကြောင်း ဗြိတိသျှသံအမတ် ဒန်ချက်က ပြောပါတယ်။
ရန်ကုန်အခြေစိုက် ဗြိတိန်သံရုံးက ဖေဖော်ဝါရီ ၁၃ ရက်က ထုတ်ပြန်တဲ့ သတင်းထုတ်ပြန်ချက်တခုမှာ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံအမတ် ဒန်ချက်က ပြောကြားထားတာပါ။
"လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်း ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုတွေ တိုးများလာတာဟာ ဒေသခံပြည်သူအများစုအတွက် စိတ်ပျက်စရာများဖြစ်စေပါတယ်။ ဒီနေ့ ကလေးများနေ့မှာ စာသင်ကျောင်းတစ်ကျောင်းကို လက်နက်ကြီးကျရောက်မှုနဲ့ မကြာသေးမီကာလက အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ သေဆုံးမှုဖြစ်ပွားတာတွေဟာ အပြစ်မဲ့ပြည်သူတွေအပေါ် ထိခိုက်နစ်နာမှုရှိစေပါတယ်။ ဒါကြောင့် ယူကေအစိုးရအနေနဲ့ ပဋိပက္ခဖြစ်ပွားမှုမှာ နှစ်ဖက်စလုံးအား တိုက်ပွဲများရပ်ဆိုင်းပြီး ပြည်သူတွေကို အစွမ်းကုန် အကာအကွယ်ပေးဖို့တိုက်တွန်းထားပါတယ်။” လို့ သံအမတ်ကြီးက ပြောပါတယ်။
ဒါ့အပြင် ပြည်သူတွေအနေနဲ့ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေ ကိုပိုမိုနားလည်သိရှိဖို့အတွက် ရခိုင်ပြည်နယ်အတွင်းရှိ အင်တာနက်ဖြတ်တောက်မှုများကို ရပ်တန့်ပေးရန်လိုအပ်ကြောင်း အစိုးရကို တိုက်တွန်းထားတဲ့အကြောင်းနဲ့ ဒီလိုရပ်တန့်ပေးမှုတွေက အပြစ်မဲ့ပြည်သူတွေကို ကာကွယ်ဖို့အထောက်အကူဖြစ်စေပါတယ်လို့လည်း ဗြိတိသျှသံအမတ် ဒန်ချက်က ပြောပါတယ်။
အလားတူ ကနေဒါသံရုံးကလည်း မြန်မာကလေးများနေ့က ဘူးသီးတောင်မြို့နယ်ရှိ စာသင် ကျောင်းပေါ် လက်နက်ကြီးကျခဲ့တာနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်တဲ့အကြောင်း ဒီကနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
ရခိုင်ပြည်နယ် ပဋိပက္ခမှာ ပါဝင်ပတ်သက်သူတွေ အားလုံး တိုက်ပွဲတွေရပ်တန့်ဖို့၊ မကျေနပ်မှုတွေကို နိုင်ငံရေးဆွေးနွေးပွဲကနေ အဖြေရှာဖို့၊ အရပ်သားတွေကို အကာအကွယ်ပေးဖို့၊ အင်တာနက်ပြန်ဖွင့်ပေးဖို့နဲ့ လူသားချင်းစာနာမှု အကူအညီတွေ ပေးနိုင်ရေး အကန့်အသတ်မရှိ သွားလာခွင့်ပေးဖို့ ကနေဒါအစိုးရအနေနဲ့ မြန်မာအစိုးရကို တိုက်တွန်းတဲ့အကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဖေဖော်ဝါရီ ၁၃ ရက်မနက်က ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ စညှင်းဝေအုပ်စု၊ ခမွေချောင်းကျေးရွာရှိ မူလွန် စာသင်ကျောင်းမှာလက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့လို့ ကျောင်းသား ၂၁ ဦးဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။